Top News

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုဆိုင်ရာ သတင်းတိုများ
24htopnews | December 15, 2024 7:12 AM CST

အင်ဒိုနီးရှား

ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့နေသော တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လည်ခေါ်ယူလာ သူများအား ဘော်နီယိုနှင့် ပင်နီဆူလာမလေးရှားတို့အကြားရှိ နာတူနာကျွန်းစုတွင် ၁၄ ရက်ကြာ ရောဂါခြေချုပ်ဖြင့်ထားမည့် အင်ဒိုနီးရှားအစိုးရ၏ အစီအစဉ်ကို ထိုကျွန်းစုမှ ဒေသခံရာပေါင်းများစွာက ဖေဖော်ဝါရီ ၃ တွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ အင်ဒိုနီးရှားသည် ဝူဟန်မှနေ၍ ကျောင်းသားအများစု ပါဝင်သော နိုင်ငံသား ၂၃၇ ဦးနှင့် နိုင်ငံခြားသားတစ်ဦးတို့ကို ပြန်ခေါ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား

အိမ်နီးချင်းအင်အားကြီးတရုတ်တွင် ပျံ့နှံ့နေသော ဗိုင်းရပ်စ်ကူးစက်မှု မရှိသေးကြောင်း မြောက်ကိုရီးယားကျန်းမာရေးဝန် ကြီးဌာနတာဝန်ရှိသူ ဆောင်အင်းဘမ်က ဖေဖော်ဝါရီ ၂ တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် အိမ်နီးချင်း တရုတ်၊ ရုရှားတို့နှင့် လေကြောင်းခရီးစဉ်အများစုကို ရပ်ဆိုင်းခြင်း၊ နိုင်ငံထဲ ရောက်လာသည့် မည်သည့်နိုင်ငံခြားသားကိုမဆို မဖြစ်မနေ ရောဂါခြေချုပ်ဖြင့် ထားခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ခရီးသွားအစီအစဉ်များအား အဆုံးသတ်ခြင်းအပါအဝင် တုံ့ပြန်မှုများ လုပ်ဆောင်ခဲ့သည်။

အာဖဂန်နစ္စတန်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများအပြား ဖြစ်ပေါ်နိုင်သည့် အလားအလာမတိုင်မီ အာဖဂန်ကျန်းမာရေး တာဝန်ရှိသူများက နိုင်ငံတစ်ဝန်းတွင် သီးသန့်လူနာဆောင်များကို ထားရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂ တွင် ပြောကြားခဲ့သည်။ စစ်ဘေးသင့် အာဖဂန်တွင် လတ်တလောအထိ ဗိုင်းရပ်စ်ကူးစက်မှု မဖြစ်ပွားသေးသော်လည်း လေဆိပ်များနှင့် နယ်စပ်များတွင် ကိုယ်အပူချိန် တိုင်းတာသောနေရာများအား ထားရှိ၍ စောင့်ကြည့်စစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။    

ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ရေနံစျေး ကျဆင်းမှုကို အိုပက် ဆွေးနွေးမည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနောက်ပိုင်း ရေနံစျေးနှုန်းကျဆင်းမှုအား သုံးသပ်ရန်အတွက် အိုပက်နှင့် ၎င်းတို့၏မဟာမိတ်ရုရှားတို့က ယခုသီတင်းပတ်အတွင်း လုပ်ထုံးလုပ်နည်းဆိုင်ရာ အစည်းအဝေး ကျင်းပသွားမည်ဟု အိုပက်နှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက ဖေဖော်ဝါရီ ၂ တွင် ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် တရုတ်စီးပွားရေးတိုးတက်မှုအား သက်ရောက်နိုင်မှုကို စိုးရိမ်နေစဉ် ရေနံစိမ်းစျေးနှုန်းများ ကျဆင်းခဲ့သည်။ အမေရိကန်ရေနံစိမ်းအညွှန်းကိန်း WTI သည် ပြီးခဲ့သောလအတွင်း ၁၈ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့သည်။ ဗိုင်းရပ်စ်ကိစ္စ၏ သက်ရောက်မှုသည် အလွန်အမင်း အကန့်အသတ်ရှိသော်လည်း ဂရုတစိုက် စောင့်ကြည့်နေကြောင်း ရေနံအများဆုံးထုတ်လုပ်သူ ဆော်ဒီက ထုတ်ပြန်ခဲ့သည်။      

ကာကွယ်ဆေးထုတ်မှုတွင် ဗြိတိန်ကုမ္ပဏီ GSK လည်း ပါဝင်မည်

သေဆုံးသူ ၃၆၀ ကျော်လာပြီဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းမှုတွင် ပါဝင်လာပြီဖြစ်ကြောင်း ဗြိတိန်ဆေးကုမ္ပဏီကြီး Galaxo Smith Kline (GSK) က ဖေဖော်ဝါရီ ၃ တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဒါဗို့စ်၌ ထူထောင်ခဲ့သော Coalition for Epidemic Preparedness Innovations (CEPI) ၏ သုတေသနလုပ်ငန်းအတွက် ဗြိတိန်အစိုးရက ရန်ပုံငွေပေါင်သန်း ၂၀ ကတိပြုခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် CEPI မှတစ်ဆင့် ရန်ပုံငွေ ထောက်ပံ့ထားသည့် အစီအစဉ်လေးခုကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း GSK ၏ ကာကွယ်ဆေးဆိုင်ရာ အကြီးအကဲ Thomas Brecuer က ပြောကြားခဲ့သည်။                                 

သြစတြေးလျက တရုတ်မှ ပြန်ခေါ်လာသူများအား ကမ်းလွန်ထိန်းသိမ်းရေးစခန်းတွင် ထားရှိမည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေသော တရုတ်မှ ပြန်လည်ခေါ်ယူလာသူများအား တင်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် ဖေဖော်ဝါရီ ၃ တွင် သြစတြေးလျသို့ ရောက်ရှိခဲ့ပြီး ၎င်းတို့အား နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေ့ပြောင်းအခြေချထိန်း သိမ်းရေးစင်တာတွင် ၁၄ ရက်ကြာ ရောဂါခြေချုပ်ဖြင့် ထားမည်ဖြစ်သည်။ ကလေး ၈၉ ဦးအပါအဝင် ခရီးသည် ၂၄၃ ဦး လိုက်ပါလာသော  Qantas လေယာဉ်သည် ဝေးလံသော သြစတြေးလျအနောက်ဘက် Exmouth မြို့အနီး လေတပ်စခန်းသို့ဆင်းသက်ခဲ့သည်။ ထိုလေယာဉ်တွင် လိုက်ပါလာသော နိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်ခွင့်ရသူများအား လေယာဉ်ငယ်များဖြင့် အုပ်စုခွဲ၍ အိန္ဒိယသမုဒ္ဒရာရှိ သြစတြေးလျပိုင်နက်ဖြစ်သည့် ခရစ္စမတ်အိုင်းလန်းသို့ ပို့ဆောင်မည်ဖြစ်သည်။                                                  

ရုရှားက ဗိုင်းရပ်စ်ကူးစက်ခံရသော နိုင်ငံခြားသားများကို နေရပ်ပြန်ပို့မည်

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိုရမ်တစ်ခုအား ရုရှားအစိုးရက ရွှေ့ဆိုင်းခဲ့ပြီး ထိုဗိုင်းရပ်စ်ကူးစက်ခံထားရသော နိုင်ငံခြားသားများအား နေရပ်ပြန်ပို့ရန် စီစဉ်နေကြောင်း ဝန်ကြီးချုပ် မီဟိုင်းမီရှု စတင်က ဖေဖော်ဝါရီ ၃ တွင် ပြောကြားခဲ့သည်။ ရုရှားတွင် ထိုဗိုင်းရပ်စ်ကူးစက်မှုနှစ်မှုကို အတည်ပြုထားပြီး ထိုကူးစက်ခံထားရသူ တရုတ်နိုင်ငံသားနှစ်ဦးအား ဆိုက်ဘေးရီးယား ဆေးရုံများတွင် ထားရှိခဲ့သည်။ အခြေအနေအား ထိန်းချုပ်ထားနိုင်ပြီး ကုန်းလမ်းနယ်စပ်များအား ပိတ်ရန်၊ တရုတ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့် ခရီးသွားမှုနှင့် အလုပ်အကိုင်ဗီဇာများအား ရပ်ဆိုင်းရန် အရေးယူဆောင်ရွက်နေကြောင်း မီရှုစတင်က ပြောကြားခဲ့သည်။                                   

တရုတ်သို့ သွားထားသူများအား အပျော်စီးသင်္ဘော တက်ခွင့်ပိတ်မည်      

တရုတ်သို့ မကြာသေးမီက ခရီးသွားထားသည့် ခရီးသည်များနှင့် ဝန်ထမ်းများအား အပျော်စီးသင်္ဘောများပေါ် တက်ခွင့်ပိတ်သွားမည်ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ အပျော်စီးသင်္ဘောလိုင်းများအဖွဲ့ CLIA က ဖေဖော်ဝါရီ ၃ တွင် ထုတ်ပြန်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်အတွက် စိုးရိမ်နေစဉ် ပြီးခဲ့သော ၁၄ ရက်အတွင်း ပြည်မကြီးတရုတ်အား ဖြတ်သန်းခဲ့သည့် ဧည့်သည် သို့မဟုတ် ဝန်ထမ်း မည်သူပင်ဖြစ်စေ အပျော်စီးသင်္ဘောများပေါ် စီးနင်းခွင့်ပိတ်ပင်သွားမည်ဖြစ်ပြီး တရုတ်မှဝန်ထမ်းများကိုလည်း ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း TUI၊ AIDC၊ MSCနှင့် ကာနီဗယ် အပျော်စီးသင်္ဘောလိုင်းများအပါအဝင် နာမည်ကြီးသင်္ဘောလိုင်းများပါဝင်သည့် CLIA က ထုတ်ပြန်ခဲ့သည်။

 

 


READ NEXT
Cancel OK