Top News

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဆိုင်ရာ သတင်းတိုများ
24htopnews | December 15, 2024 7:12 AM CST

စင်ကာပူ

စင်ကာပူက နိုင်ငံတွင်း၌ ကိုရိုနာဗိုင်းရပ်စ် လူလူချင်းကူးစက်မှုများ ပထမဆုံးအကြိမ်ဖြစ်ပွားနေကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ စင်ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ခြောက်ဦး ထပ်တိုးခဲ့ပြီး ထိုအထဲမှလေးဦးမှာ လူလူချင်း ကူးစက်ခံထားရကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

ကမ္ဘောဒီးယား

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုဗဟိုချက်ဖြစ်နေသော ဝူဟန်တွင် ပညာသင်နေသော ကမ္ဘောဒီးယားကျောင်းသားများနှင့် တွေ့ဆုံရန် ဝူဟန်သို့ သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ဖေဖော်ဝါရီ ၄ တွင် ပြောကြားခဲ့သည်။ တောင်ကိုရီးယားမြို့တော် ဆိုးလ်မှနေ၍ လေကြောင်းဖြင့် ဝူဟန်သို့သွားမည်ဟု ၎င်းက Facebook တွင် ရေးသားခဲ့သည်။ သို့သော် လတ်တလောတွင် ဆိုးလ်နှင့် ဝူဟန်အကြား စီးပွားဖြစ် လေကြောင်းခရီးစဉ်မရှိပေ။

တောင်ကိုရီးယား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရာတွင် အသုံးပြုသည့် နှာခေါင်းစည်းများနှင့် အခြားသော ကုန်ပစ္စည်းများကို သိုလှောင်သိမ်းဆည်းသော တောင်ကိုရီးယားကုန်သည်များသည် ထောင်ဒဏ်နှစ်နှစ်ထိ ချမှတ်ခံရမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ဖေဖော်ဝါရီ ၄ ရက်တွင် သတိပေးခဲ့သည်။ ဖေဖော်ဝါရီ ၅ ရက်မှစ၍ လစဉ်ရောင်းချရသော ကုန်ပစ္စည်းပမာဏ၏ တစ်ဆခွဲကျော် ပမာဏကို သိုလှောင်သူများသည် အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ် သို့မဟုတ် ငွေဒဏ် ဝမ်သန်း ၅၀ (ဒေါ်လာ ၄၂၀၀၀) ကျခံရမည်ဖြစ်သည်။

 

ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သော တောင်ကိုရီးယားအမျိုးသမီး ဗိုင်းရပ်စ်ကူးစက်ခံရ

ထိုင်းနိုင်ငံသို့ မကြာမီက သွားရောက်ခဲ့သော တောင်ကိုရီးယားအမျိုးသမီးတစ်ဦးသည် သေဆုံးနိုင်သော ဗိုင်းရပ်စ်ရောဂါ ကူးစက်နေကြောင်းကို ဖေဖော်ဝါရီ ၄ တွင် အတည်ပြုခဲ့ကြောင်း တောင်ကိုရီးယား ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့သည်။  ယခုနောက်ဆုံးရောဂါ အတည်ပြုမှုနှင့်ဆိုပါက တောင်ကိုရီးယားတွင် ထိုဗိုင်းရပ်စ်ကူးစက်နေသူမှာ စုစုပေါင်း ၁၆ ဦးရှိပြီဖြစ်သည်။ ရောဂါကူးစက်နေသူမှာ အသက် ၄၂ နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူသည် ထိုင်းနိုင်ငံမှ တောင်ကိုရီးယားသို့ ဇန်နဝါရီ ၁၉ တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယားရှိ ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။  ပြန်ရောက်ပြီး ခြောက်ရက်အကြာတွင် သူသည်ရောဂါလက္ခများကို စတင်ခံစားရကြောင်းနှင့် ရောဂါကူးစက်ကြောင်းကို ဖေဖော်ဝါရီ ၄ တွင် အတည်ပြုခဲ့သည်။                                                 

စင်ကာပူသို့ သွားခဲ့သော မလေးရှားနိုင်ငံသားတစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံရ

တရုတ်သို့ သွားရောက်ခဲ့ခြင်းမရှိသော မလေးရှားနိုင်ငံသားတစ်ဦးသည် စင်ကာပူသို့ သွားရောက်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း မလေးရှားကျန်းမာရေးဝန်ကြီး Dzulkerfly Ahmad က ဖေဖော်ဝါရီ ၄ တွင် ပြောကြားခဲ့သည်။ အသက် ၄၁ နှစ်ရှိ ထိုအမျိုးသားသည် အိမ်နီးချင်းစင်ကာပူသို့ ဇန်နဝါရီ ၁၆ မှစ၍ တစ်ပတ်ကြာ သွားရောက်ခဲ့ပြီး ဝူဟန်မှ တရုတ်ကိုယ်စားလှယ်များလည်းပါဝင်သော အစည်းအဝေးများကို တက်ရောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းသည် မလေးရှားနိုင်ငံသားတစ်ဦးက ထိုဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရသူဖြစ်ပြီး မလေးရှားတွင် အခြားကူးစက်မှု ကိုးမှုမှာ ဝူဟန်မှလာသော တရုတ်နိုင်ငံသားများ ကူးစက်ခံရခြင်းဖြစ်သည်။           

လူ ၃၇၀၀ ပါ အပျော်စီးသင်္ဘောအား ဂျပန်က ရောဂါခြေချုပ်ဖြင့် ထားရှိ

အပျော်စီးသင်္ဘောတွင် လိုက်ပါခဲ့သည့် ခရီးသည်ဟောင်းတစ်ဦးသည် ဟောင်ကောင်၌ နေထိုင်မကောင်းဖြစ်ခဲ့ပြီးနောက် ဂျပန်သည် ထိုခရီးသည်လိုက်ပါခဲ့သည့် လူ ၃၇၁၁ ဦးပါ အပျော်စီးသင်္ဘောအား ဖေဖော်ဝါရီ ၄ တွင် ရောဂါခြေချုပ်ဖြင့်ထားပြီး ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခြင်း ရှိ၊ မရှိကို စမ်းသပ်စစ်ဆေးခဲ့သည်။ Yokoham Bay သို့ ရောက်ရှိလာသော ထိုသင်္ဘောမှ လူရှစ်ဦးတွင် အဖျားရောဂါကဲ့သို့ လက္ခဏာများပြသခဲ့ကြောင်း အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒေဆူဂါက ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၅ တွင် ဟောင်ကောင်၌ ဆင်းခဲ့သော Diamond Princess သင်္ဘောမှ အသက် ၈၀ ရှိ ခရီးသည် အမျိုးသားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ဂျပန်က ထိုသင်္ဘောမှ ခရီးသည် ၂၆၆၆ ဦးနှင့် ဝန်ထမ်း ၁၀၄၅ ဦးတို့အား စစ်ဆေးနေခြင်းဖြစ်သည်။                                                

ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် မကာအိုက ကာစီနိုများကို နှစ်ပတ် ပိတ်ထားမည်

တရုတ်ပြည်မကြီးတွင် ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁၀ မှုရှိကြောင်း အတည်ပြုခဲ့သည့် လောင်းကစားဗဟိုချက် မကာအိုက ၎င်း၏အသက်သွေးကြော စီးပွားရေးဖြစ်သည့် ကာစီနိုအားလုံးကို သီတင်းပတ်နှစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း ပေကျင်းက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး Ho Lat-seng က ဖေဖော်ဝါရီ ၄ တွင် ပြောကြားခဲ့သည်။ သို့သော် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဆက်လက်ဖြစ်ပွားနေလျှင် ကာစီနိုပိတ်မှုကို အချိန်ထပ်တိုးနိုင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်တွင် လောင်းကစားအား ခွင့်ပြုထားသော တစ်ခုတည်းသော နေရာဖြစ်သည့် မကာအိုတွင် ၂၀၁၈ ခုနှစ်၌ တိုင်ဖွန်း တိုက်ရိုက်ဝင်ရောက်သည့်အချိန်တွင်သာ ကာစီနိုများအား ပိတ်ခဲ့ဖူးသည်။

ဗိုင်းရပ်စ်စိုးရိမ်မှု ရှိသော်လည်း စင်ကာပူက လေကြောင်းပြပွဲပြုလုပ်မည်

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုအား စိုးရိမ်မှုကြောင့် တောင်ကိုရီးယားလေတပ်၏ အသင်းနှင့် အခြားပြပွဲပြသမည့်သူ ၁၆ ခုတို့က နုတ်ထွက်သွားခဲ့သော်လည်း စင်ကာပူက လေကြောင်းပွဲအား လာမည့်သီတင်းပတ်တွင် ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ ထိုလေကြောင်းပြပွဲ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော လေကြောင်းညီလာခံကိုမူ ဖျက်သိမ်းကြောင်း Experia  Events က ဖေဖော်ဝါရီ ၄ တွင် ထုတ်ပြန်ခဲ့ သည်။ စင်ကာပူက တရုတ်ခရီးသွားအားလုံးကို ပိတ်ပင်ထားပြီး ကုမ္ပဏီကလည်းဝန်ထမ်းများ၏ ခရီးသွားမှုကို ပိတ်ပင်ထားခြင်းကြောင့် ဖေဖော်ဝါရီ ၁၁ မှ ၁၆ အထိ ကျင်းပမည့် ထိုလေကြောင်းပြပွဲတွင် တရုတ်မှ ပြခန်းကုမ္ပဏီ ၁၀ ခုနှင့် အခြားနိုင်ငံများမှ ပြခန်းကုမ္ပဏီ ခြောက်ခုတို့က ပါဝင်တော့မည်မဟုတ်ကြောင်း Experia Events က ဆိုသည်။    

 

 


READ NEXT
Cancel OK