Top News

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား ရပ်တန့်နိုင်ရန် အခွင့်အလမ်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်
24htopnews | December 15, 2024 7:12 AM CST

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကူးစက်ခံရသူအရေအတွက်သည် ၂၄၀၀၀ ကျော်နှင့် သေဆုံးသူအရေအတွက်သည် ၅၀၀ နီးပါးအထိ မြင့်တက်လာခဲ့ပြီး နောက်ထပ် လူသန်းနှင့်ချီအား နေအိမ်ထဲတွင်သာ နေထိုင်ကြရန် တိုက်တွန်းထားစဉ် ထိုဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ရပ်တန့်နိုင်ရန် ကမ္ဘာကြီးတွင် အခွင့်အလမ်းရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ခဲ့သည်။

2019-nCoV ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားခဲ့ကြောင်း လတ်တလောတွင် တရုတ်ပြင်ပမှ နိုင်ငံ ၂၀ ကျော်က အတည်ပြုထားကြပြီး WHO ကလည်း ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့ကာ အစိုးရအများအပြားက ခရီးသွားလာမှုများ ကန့်သတ်၍ လေကြောင်းလိုင်းများက တရုတ်နှင့် အသွားအပြန် ခရီးစဉ်များကို ဆိုင်းငံ့ခဲ့သည်။ သို့သော် တရုတ်၏ အလွန်အမင်း ကြိုးပမ်းလုပ်ဆောင်နေမှုကြောင့်  ထိုဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ရပ်ဆိုင်းပစ်ရန် အခွင့်အလမ်းရှိနိုင်ကြောင်း WHO က ဖေဖော်ဝါရီ ၄ တွင် ထုတ်ပြန်ခဲ့သည်။

ထိုကူးစက်မှုများ၏ ၉၉ ရာခိုင်နှုန်းသည် တရုတ်တွင် ဖြစ်ပွားနေပြီး ကမ္ဘာတစ်ဝန်းရှိ ကျန်နေရာများတွင် ကူးစက်မှု ၁၇၀ ကျော်သာ ရှိခဲ့ကြောင်း၊ ယင်းသည် အခြေအနေ ပိုမဆိုးလာနိုင်ဟု သဘောမဟုတ်ကြောင်း၊ သို့သော် မိမိတို့တွင် တုံ့ပြန်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းရှိနေကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားခဲ့သည်။

စင်ကာပူ၊ မလေးရှားနှင့် ထိုင်းတို့၌ တရုတ်သို့ မသွားရောက်ခဲ့သူများတွင် ကူးစက်မှုသစ်များ ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ချိန်တွင် WHO ၏ ကြေညာချက် ထွက်လာခဲ့ခြင်းဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာလုံးအတိုင်းအတာအထိ မရောက်ရှိသေးကြောင်းလည်း WHO က ထုတ်ပြန်ထားသည်။

သို့သော် ချမ်းသာသောနိုင်ငံများသည် အချက်အလက်များ မျှဝေပေးရမည့် ၎င်းတို့၏ဝတ္တရားများကို ပြည့်မြောက်အောင် လုပ်ဆောင်ခြင်း မရှိကြကြောင်း Tedros က ပြောကြားခဲ့သည်။ တရုတ်ပြင်ပတွင် လတ်တလောအထိ ဖြစ်ပွားခဲ့မှု ၁၇၆ မှု၌ WHO သည် ၃၈ ရာခိုင်နှုန်းခန့်သာ ပြည့်စုံသောအစီရင်ခံစာများ ရရှိခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်တွင် လူဦးရေထူထပ်သော အခြားမြို့ပြဒေသများသို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်မှုမြင့်တက်နေသည့် လက္ခဏာအဖြစ် အာဏာပိုင်များက ရှန်ဟိုင်းအနီးရှိ မြို့တစ်မြို့အပါအဝင် မြို့သုံးမြို့တွင် သွားလာလှုပ်ရှားမှုများအား ကန့်သတ်ခဲ့သည်။ တရုတ်အွန်လိုင်း ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီကြီး အလီဘာဘာ၏ အဓိကရုံး အခြေစိုက်သောဒေသ အပါအဝင် ဟန်ကျိုးမြို့၏ အစိတ်အပိုင်းများတွင် လိုအပ်သောပစ္စည်းများအား ဝယ်ယူနိုင်ရေးအတွက် အိမ်ထောင်စု တစ်စုလျှင် လူတစ်ဦးကို နှစ်ရက်ခြား တစ်ကြိမ်သာ အပြင်ထွက်ခွင့်ပြုခဲ့သဖြင့် အခြားလူသုံးသန်းခန့်ကို သက်ရောက်စေခဲ့သည်။

ထိုမြို့သည် ဗိုင်းရပ်စ်ကူးစက်မှု ၂၀၀ ကျော်ကို အတည်ပြုထားပြီး လူတစ်ဦး သေဆုံးထားသော ရှန်ဟိုင်းမြို့မှ ၁၇၅ ကီလိုမီတာ (မိုင် ၁၁၀) အကွာတွင် တည်ရှိသည်။

တရုတ်သည် ဟူပေပြည်နယ်တွင် လူသန်း ၅၀ ကျော်အား ပိတ်လှောင်ထားသည်ဟု ယူဆရသော ဆောင်ရွက်မှု အပါအဝင် မကြုံစဖူး တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်နေသော်လည်း ထိုဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရသည်။ ထိုဗိုင်း ရပ်စ်ကူးစက်ပျံ့နှံ့မှုအား တုံ့ပြန်မှုတွင် အားနည်းချက်များနှင့် အခက်အခဲများရှိခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီက ယခုသီတင်းပတ် အစောပိုင်းတွင် ဝန်ခံခဲ့သည်။

 


READ NEXT
Cancel OK