Top News

COVID-19 ကို တုံ့ပြန်သည့်အနေဖြင့် အာဆီယံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး အရေးကြီးကုန်စည်များအပေါ် အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ ချမှတ်အကောင်အထည်ဖော်ခြင်းဆိုင်ရာ MoU တွင် မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုး
24htopnews | December 14, 2024 10:12 AM CST

COVID-19 ကပ်ရောဂါကို တုံ့ပြန်သည့်အနေဖြင့် အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးအတွက် အရေးကြီးကုန်စည်များအပေါ် အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ ချမှတ်အကောင်အထည်ဖော်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ MoU တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန MIFER မှ သိရသည်။

(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး အကြိုကျင်းပသည့် (၁၉) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီအစည်းအဝေးနှင့် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် ဆွစ်ဇာလန်ကုန်သွယ်ရေးဝန်ကြီးတို့၏ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၀ ရက်က Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးသောင်းထွန်း တက်ရောက်ခဲ့သည်။

(၁၉) ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီအစည်းအဝေးတွင် ဝန်ကြီးများက ၂၀၂၀ ပြည့်နှစ်အတွင်း အာဆီယံဥက္ကဋ္ဌအဖြစ် ဗီယက်နမ်နိုင်ငံက တာဝန်ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ချမှတ်ထားသော ဦးစားပေးလုပ်ငန်း ၁၃ ခု၏ ဆောင်ရွက်ပြီးမြောက်မှုအခြေအနေကိုလည်းကောင်း၊ အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) လမ်းပြမြေပုံ (၂၀၂၅) ကာလလယ်သုံးသပ်ချက် ကနဦးအစီရင်ခံစာပါ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် အကြံပြုချက်များအပေါ်တွင်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အာဆီယံဘက်စုံပြန်လည်ထူထောင်ရေးမူဘောင်နှင့် ယင်းမူဘောင်ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများကို ရှင်းလင်းခဲ့ရာဝန်ကြီးများက အမြန်ဆုံးထိရောက်စွာ အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရာ၌ အချို့သောလုပ်ငန်းများသည် ကဏ္ဍဆိုင်ရာအဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်မှု၊ စောင့်ကြည့်စစ်ဆေးမှု၊ အကဲဖြတ်မှုများ ပိုမိုခိုင်မာ အားကောင်းရန်လိုအပ်ကြောင်း၊ စတုတ္ထစက်မှုအသွင်ကူးပြောင်းရေးနှင့် စပ်လျဉ်းသည့်နည်းပညာများသည် စီးပွားရေးကဏ္ဍတွင်သာမက အများပြည်သူ၏လူမှုဘဝများနှင့် ဆက်စပ်သည့် ကျန်းမာရေး၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်တိုးတက်မှု နယ်ပယ်များတွင်လည်း အရေးပါသော အခန်းကဏ္ဍမှပါဝင်ကြောင်း၊ အာဆီယံဒေသအတွင်း ကဏ္ဍများနှင့် မဏ္ဍိုင်များအကြား ထိရောက်၍ စွမ်းဆောင်ရည်ရှိစွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မည့် စတုတ္ထစက်မှုအသွင်ကူးပြောင်းရေး မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

ထို့ပြင် အာဆီယံဘက်စုံပြန်လည်ထူ ထောင်ရေးမူဘောင်သည် လက်ရှိဖြစ်ပေါ်နေသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါထိန်းချုပ်ရေးနှင့် ဒေသတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အချိန်အခါအရ အလွန်အရေးပါသဖြင့် အဆိုပါမူဘောင်ကို အကောင်အထည်ဖော်ရာတွင် ဆွေးနွေးဖက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအပါအဝင် Stakeholders အားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့နောက် COVID-19 ကပ်ရောဂါကို တုံ့ပြန်သည့်အနေဖြင့် အာဆီယံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ထုတ်လုပ်မှုကွင်းဆက်များ ပိုမိုခိုင်မာစေရေးအတွက် ဟနွိုင်းရှေ့လုပ်ငန်းစဉ်အောက်မှ အစီအစဉ်တစ်ခုဖြစ်သည့် အရေးကြီးကုန်စည်များအပေါ် အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ ချမှတ်အကောင်အထည်ဖော်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို အာဆီယံစီးပွားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်တို့နှင့်အတူ ပါဝင်တက်ရောက်၍ အဆိုပါနားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက လက်မှတ်ရေးထိုးခဲ့သည်။         

 


READ NEXT
Cancel OK