Top News

COVID-19 ရောဂါအခြေအနေများကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းလိုင်းများ၏ ခရီးစဉ်ပျံသန်းမှုကို နိုဝင်ဘာ ၃၀ ရက်ထိ ထပ်မံတိုးမြှင့်
24htopnews | December 14, 2024 10:12 AM CST

လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါအခြေအနေများကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းလိုင်းများ၏ ခရီးစဉ်ပျံသန်းမှုကို နိုဝင်ဘာလကုန်ထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လတ်တလောတွင် COVID-19 ရော ဂါပိုးတွေ့ရှိလူနာအရေအတွက် များပြားလာသည့်အတွက် မြန်မာနိုင်ငံအတွင်း ပျံသန်းလျက်ရှိသည့် ပြည်တွင်းလေကြောင်းလိုင်းများ၏ ခရီးစဉ်ပျံသန်းမှုများကို ယာယီရပ်နားထားခြင်းဖြစ်သည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းခရီးစဉ်ပျံသန်းမှုများကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ရပ်နားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာအမျိုးသာလေကြောင်းက ပြည်တွင်းခရီးစဉ်ပျံသန်းမှုတွေကို နိုဝင်ဘာ ၁၅ ရက်နေ့အထိ ရပ်နားထားပြီးဖြစ်ပါတယ်။ အခုကတော့ထပ်ပြီးနိုဝင်ဘာ ၃၀ ရက်နေ့အထိ တိုးမြှင့်ရပ်နားသွားမှာပါ။ ပြည်ပနိုင်ငံကို ပျံသန်းမယ့်ကယ်ဆယ်ရေး ခရီးစဉ်တွေကိုတော့ ညွှန်ကြားချက်အတိုင်း ဆက်လက်ပျံသန်းဖို့ စီစဉ်ထားပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အခြားပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် မန်းရတနာပုံလေကြောင်းလိုင်း၊ Golden Myanmar လေကြောင်း Air KBZ လေကြောင်းလိုင်း၊ Thanlwin လေကြောင်းလိုင်းများ၏ ပြည်တွင်းခရီးစဉ်ပျံသန်းမှုများကို နိုဝင်ဘာ ၁၅ ရက်နေ့အထိ ယာယီရပ်နားထားရာမှ နိုဝင်ဘာ ၃ဝရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်နားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ်၊ မတ် ၃၀ မှစတင်ပြီး ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

COVID-19 ရောဂါ မြန်မာနိုင်ငံတွင်း ကူးစက်ပြန့်ပွားမှုကိုထိရောက်စွာ ထိန်းချုပ်ရန်အပြည်ပြည်ဆိုင်ရာ ခရီးသည် တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့်  ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် နေထိုင်သည့် ပြည်သူများအား နေအိမ်တွင်နေထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

 


READ NEXT
Cancel OK