Top News

တရုတ်နိုင်ငံက တစ်ရက်လျှင် ဆန်အိတ်ရေ ၈၀၀၀၀ လိုအပ်ချက်ရှိသော်လည်း COVID-19 ကြောင့် စည်းကမ်းတင်းကျပ်မှုနှင့် လမ်းပန်းအခက်အခဲများကြောင့် မူဆယ်နယ်စပ်မှ အိတ်ရေ ၃၀၀၀၀ ကျော်သာ တင်ပို့နိုင်
24htopnews | December 14, 2024 10:12 AM CST

တရုတ်နိုင်ငံကတစ်ရက်လျှင် ဆန်အိတ်ရေ ၈၀၀၀၀ လိုအပ်ချက်ရှိနေသော်လည်း COVID-19 ကြောင့် စည်းကမ်းတင်းကျပ်မှုများနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရှိနေသဖြင့် မူဆယ်နယ်စပ်မှ အိတ်ရေ ၃၀၀၀၀ ကျော်သာ တင်ပို့နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ တစ်ရက်လျှင်ဆန်အိတ်ရေ ၃၀၀၀၀ ကျော် တင်ပို့လျက်ရှိကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။

မြန်မာဘက်မှ လမ်းပန်းဆက်သွယ်ရေး ပိုမိုမြန်ဆန်လာပြီး တရုတ်နိုင်ငံဘက်မှလည်း ပိတ်ဆို့ထားမှုများ ဖြေလျှော့လာနိုင်လျှင် ယခုနှစ်တွင် ဆန်စပါးအရောင်းအဝယ် ကောင်းမွန်နိုင်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌဦးမင်းသိန်းက ပြောကြားခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် ဆန်လိုအပ်ချက်ရှိနေပြီး တစ်ရက်လျှင် အိတ်ရေ ၈၀၀၀၀ ခန့် လိုအပ်ချက် ရှိနေသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တရုတ်နိုင်ငံအတွင်း စည်းကမ်းတင်းကျပ်မှုများနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိနေသဖြင့် အိတ်ရေ ၃၀၀၀၀ ကျော်သာတင်ပို့နိုင်ကြောင်း ဦးမင်းသိန်းက ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သို့ တစ်ရက်လျှင် ဆန်အိတ်ရေ ၆၄၀ တင်ဆောင်နိုင်သည့် တွဲကားအစီးရေ ၅၀ ခန့် ဝင်ရောက်လျက်ရှိပြီး တရုတ်နိုင်ငံသို့လည်း ၎င်းအရေအတွက်အတိုင်း ရောင်းချနေကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ တင်ပို့သည့် ဆန်စျေးနှုန်းမှာ အောက်တိုဘာလဆန်းမှစ၍ စျေးကောင်းရရှိပြီး မူဆယ်အထိုင်စျေးမှာ ဆန်ကွဲကီလို ၅၀ တစ်အိတ်လျှင် ၁၂၄ ယွမ်၊ ငစိန် ကီလို ၅၀ တစ်အိတ်လျှင် ၁၃၃ ယွမ်၊ သုခကီလို ၅၀ တစ်အိတ်လျှင် ၁၃၄ ယွမ်နှင့် မှော်ဘီ ကီလို ၅၀ တစ်အိတ်လျှင် ၁၃၆ ယွမ်ရရှိကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။

၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို အခြေခံရည်ညွှန်းစျေး ၅၂၀၀၀ ကျပ်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးငါးခုရှိ မြို့နယ်ပေါင်း ၇၆ မြို့တွင် ဝယ်ယူရန် လုပ်ငန်းရှင်များအား တင်ဒါ အဆိုပြုလွှာများ စတင်ဖိတ်ခေါ်နေပြီ ဖြစ်ကြောင်း လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့မှ အောက်တိုဘာ ၁၄ ရက် ထုတ်ပြန်ထားသည်။ “အစိုးဓာတ် ၁၄ ရာခိုင်နှုန်း” ရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများ နှင့် ကိုက်ညီသည့် တစ်တင်းလျှင် ၄၆ ပေါင် ကိုက်စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစျေးနှုန်းကို ငွေ (ငါးသိန်းနှစ်သောင်း) ဖြင့် သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK