
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း အလုပ်တာဝန်ထမ်းဆောင်နေချိန်အတွင်း သေဆုံးခဲ့သည့် ဂျာနယ်လစ် ၅၄ ဦးရှိခဲ့ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သေဆုံးသည့် ဂျာနယ်လစ် စုစုပေါင်း၏သုံးပုံတစ်ပုံသည် အစ္စရေးစစ်တပ်ကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု RSF ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ယခုနှစ်အတွင်း ဂျာနယ်လစ် ၁၈ ဦး (ဂါဇာတွင် ၁၆ ဦး၊ လက်ဘနွန်တွင်နှစ်ဦး) သေဆုံးခဲ့မှုအတွက် အစ္စရေးစစ်တပ်တွင် တာဝန်ရှိကြောင်း RSF က ထုတ်ပြန်ခဲ့သည်။
ဂျာနယ်လစ်များသေဆုံးသည့်အရေအတွက်အရ ပါလက်စတိုင်းသည် ဂျာနယ်လစ်များအတွက် အန္တရာယ်အများဆုံးနေရာဖြစ်နေပြီး ပြီးခဲ့သည့်ငါးနှစ်အတွင်း ပါလက်စတိုင်းတွင်သေဆုံးခဲ့သည့် ဂျာနယ်လစ်အရေအတွက်သည် အခြားနိုင်ငံများထက်ပိုမိုများပြားခဲ့ကြောင်း ဒီဇင်ဘာ ၁ ရက်အထိ ကောက် ခံရရှိထားသည့်မှတ်တမ်းများအရ RSF က ထုတ်ပြန်ခဲ့သည်။
RSF သည် အစ္စရေးစစ်တပ်ကြောင့် ဂျာနယ်လစ်များကိုဆန့်ကျင်သည့် စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး(ICC)ကို တိုင်ကြားချက် လေးခုတင်သွင်းထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက ဂါဇာစစ်ပွဲစတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ဂါဇာတွင် အစ္စရေးစစ်တပ်ကြောင့် ဂျာနယ်လစ် ၁၄၅ ဦးကျော်သေဆုံးပြီး ၎င်းတို့အနက် သုံးဦးမှာ သတင်းလိုက်ရင်းသေဆုံးခဲ့ခြင်းဖြစ်သည်ဟု RSF က ပြောကြားခဲ့သည်။
သေဆုံးခဲ့သည့် ဂျာနယ်လစ်အရေအတွက်သည် မကြုံစဖူး သွေးချောင်းစီးလူသတ်ပွဲတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
နိုင်ငံတကာ ဂျာနယ်လစ်များအဖွဲ့ချုပ်(IFJ)၏ ဒီဇင်ဘာ ၁၀ ရက်က သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ဂျာနယ်လစ် ၁၀၄ ဦးသေဆုံးခဲ့ပြီး ၎င်းတို့အနက်ထက်ဝက်ကျော်မှာ ဂါဇာ ဒေသမှဖြစ်ကြောင်း ဖော်ပြခဲ့သည်။
IFJ နှင့် RSF အကြား စစ်တမ်းကောက်ယူသည့် နည်းစနစ်များမတူညီသဖြင့် ကိန်းဂဏန်းများမှာလည်း ကွဲလွဲခဲ့သည်။
အစ္စရေးကမူ ၎င်းတို့အနေဖြင့် ဂျာနယ်လစ်များကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်နစ်နာစေရန် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သော်လည်း စစ်ရေးပစ်မှတ်များကို လေကြောင်းတိုက်ခိုက်ရာတွင် ဂျာနယ်လစ်အချို့ သေဆုံးခဲ့ကြောင်းဝန်ခံခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဒီကိန်းဂဏန်းတွေကို လက်မခံနိုင်ပါဘူး။ ဒီအချက်အလက်တွေဟာ မှန်တယ်လို့ ကျွန်တော်တို့ မယုံကြည်ပါဘူး”ဟု အစ္စရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်မာဆာက ဒီဇင်ဘာ ၁၁ ရက်ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဂါဇာဒေသပြီးလျှင် ၂၀၂၄ ခုနှစ်အတွင်း ဂျာနယ်လစ်များ သေဆုံးမှုအများဆုံးနိုင်ငံများတွင် ပါကစ္စတန်က ခုနစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နှင့်မက္ကဆီကိုက ငါးဦးစီဖြင့် အစဉ်လိုက်ရပ်တည်ခဲ့သည်။
၂၀၂၃ ခုနှစ်ဇန်နဝါရီမှ ဒီဇင်ဘာလအတွင်း ကမ္ဘာတစ်ဝန်းဂျာနယ်လစ် ၄၅ ဦးသေဆုံးခဲ့သည်။
ယခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာ ၁ ရက်အကြား ကမ္ဘာတစ်ဝန်း ဂျာနယ်လစ် ၅၅၀ ခန့် အကျဉ်းချခံခဲ့ရပြီး ပြီးခဲ့သည့်နှစ်ကာလတူက ဂျာနယ်လစ် ၅၁၃ ဦး အကျဉ်းချခံခဲ့ရသည်ဟု RSF က ထုတ်ပြန်ခဲ့သည်။
ဂျာနယ်လစ်များ အများဆုံး ဖမ်းဆီးထိန်းသိမ်းခံရသည့် နိုင်ငံမှာတရုတ်နိုင်ငံဖြစ်ပြီး တရုတ်တွင် ဂျာနယ်လစ် ၁၂၄ ဦး ထိန်းသိမ်းခံခဲ့ရသည်။
၂၀၂၄ ခုနှစ်အတွင်း ဓားစားခံအဖြစ် ဖမ်းဆီးခံထားရသည့် ဂျာနယ်လစ် ၅၅ ဦးရှိပြီး ၎င်းတို့အနက် ၂၅ ဦးကို အိုင်အက်စ်အဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်