Top News

ဆန္ဒပြမှုများ ဖြစ်ပေါ်နေစဉ် ဒူတာတေးက ဖိလစ်ပိုင်ကွန်ဂရက်၌ မိန့်ခွန်းပြောကြား
24htopnews | December 12, 2024 8:12 PM CST

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် ဇူလိုင် ၂၂ ရက်တွင် ဖိလစ်ပိုင် အထက် အောက်လွှတ်တော် နှစ်ရပ်ပေါင်း၌ မိန့်ခွန်းပြောကြားစဉ် ၎င်း၏ အငြင်းပွားဖွယ် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲနှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုတွင် တရုတ်အား ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုသည့် ချဉ်းကပ်နည်းကို ကာကွယ်ပြောကြားခဲ့သည်။

အောက်လွှတ်တော်တွင် နိုင်ငံတော်မိန့်ခွန်း ပြောကြားရာ၌ ဒူတာတေးက မူးယစ်ဆေးဝါး၊ ရာဇဝတ်မှု၊ အကျင့်ပျက်ခြစားမှု၊ ကွန်မြူနစ်နှင့် မွတ်စလင်သူပုန်များအား နှိမ်နင်းမှုတို့အား အလေးပေး လုပ်ဆောင်မည့် အစီအစဉ်များကို ပြောကြားမည် ဖြစ်သည်။ ထို့ပြင် ၎င်း၏ တာဝန်ထမ်းဆောင်မှု နောက်ဆုံး သုံးနှစ်အတွင်း စီးပွားရေး တိုးတက်မှုကို ဆက်လက် ထိန်းသိမ်းရန် ၎င်း၏ အစီအစဉ်များကိုလည်း ပြောကြားမည်ဟု သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဆယ်ဗာဒေါပါနယ်လိုက ပြောကြားခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း ဆန္ဒပြသူ ၅၂၀၀ ကျော်သည် ဒူတာတေးအား ရာထူးမှ နုတ်ထွက်ရေး တောင်းဆိုရန် အောက်လွှတ်တော် အဆောက်အအုံ အပြင်ဘက်၌ စုဝေးခဲ့ကြပြီး သမ္မတအား ထောက်ခံသူ အနည်းစုကလည်း သီးခြားစုဝေးခဲ့ကြသည်။ လက်ဝဲယိမ်း ဆန္ဒပြသူများကလည်း တရုတ်အလံ ပုံစံတူနှင့် ဒူတာတေး၊ တရုတ်သမ္မတ ရှီကျင်ပင်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တို့၏ ဧရာမပန်းချီကားများကို အစောပိုင်း စုဝေးမှုများအတွင်း မီးရှို့ခဲ့ကြသည်။

လုံခြုံရေးအတွက် ထိုပါလီမန် အဆောက်အအုံအပေါ်နှင့် အစွန်အဖျား ဒေသများကို မပျံသန်းရဇုန်အဖြစ် အာဏာပိုင်များက သတ်မှတ်ခဲ့ပြီး စစ်ဘက်နှင့် ရဲတပ်ဖွဲ့ကို အပြည့်အဝ တပ်လှန့်ထားသည်။

အသက် ၇၄ နှစ်ရှိပြီ ဖြစ်သော ဒူတာတေးသည် ၂၀၁၆ ခုနှစ် ဇွန်တွင် သမ္မတအဖြစ် စတင် ထမ်းဆောင်ခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့သည့် အငြင်းပွားဖွယ် မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲနှင့် အခြားမူဝါဒများကြောင့် အပြည်ပြည်ဆိုင်ရာ၏ ဝေဖန်မှုများ ကြုံနေရသော်လည်း ပြည်တွင်း၌မူ အလွန်အမင်း လူကြိုက်များနေဆဲ ဖြစ်သည်။

ပြီးခဲ့သော မေတွင် ကျင်းပခဲ့သော သက်တမ်းလယ် ရွေးကောက်ပွဲ၌ ဒူတာတေး၏ မဟာမိတ် အများအပြားက အမတ်နေရာများအား အနိုင်ရခဲ့ခြင်းကြောင့် ဥပဒေပြု လွှတ်တော် အထူးသဖြင့် အမတ်၂၄ နေရာ ရှိသော အထက်လွှတ်တော်တွင် အာဏာချုပ်ကိုင်မှုကို ပိုမိုခိုင်မာစေခဲ့သည်။ အထက်လွှတ်တော်သည် ဒူတာတေး၏ သေဒဏ် ပြန်လည်အသက်သွင်းရေးနှင့် ဒီမိုကရေစီ လိုလားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် အပါအဝင် ပြီးခဲ့သောနှစ်တွင် ၎င်း၏ အဓိကကျသော ဥပဒေကြမ်းဆိုင်ရာ အဆိုပြုချက်အချို့ကို ပိတ်ဆို့ခဲ့သည်။

ဒူတာတေးအား အခိုင်အမာ ထောက်ခံသည့် အမတ်အလန်ပီတာကာယီတာနို က အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ၁၅ လကြာ ထမ်းဆောင်မည်ဖြစ်ပြီး နောက်ထပ် မဟာမိတ်တစ်ဦးဖြစ်သူ လော့အယ်လန်ဗီလာစကို က နောက်ထပ် သက်တမ်းကို ထမ်းဆောင်မည် ဖြစ်သည်။

ပြီးခဲ့သောနှစ်တွင် အောက်လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် ယှဉ်ပြိုင်နေကြသည့် မဟာမိတ်နှစ်ဦးအကြား နေရာလုပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဒူတာတေး၏ မိန့်ခွန်းပြောမည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး ထိုအငြင်းပွားမှုပြီးမှသာ ဒူတာတေးက မိန့်ခွန်းပြောခဲ့ရကြောင်း သိရသည်။

 

 


READ NEXT
Cancel OK