
ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သော တစ်စိတ်တစ်ပိုင်းရလဒ်များနှင့် မီဒီယာများ၏ ခန့်မှန်းတွက်ချက်မှုများအရ ယူကရိန်း သမ္မတဗိုလိုဒီမာဇယ်လင်စကီး၏ ပါတီက ပါလီမန်ရွေးကောက်ပွဲများတွင် စံချိန်တင် မဲအရေအတွက်ဖြင့် အပြတ်အသတ်အနိုင်ရနေသည်။
ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် အနိုင်မရမီက နိုင်ငံရေးအတွေ့ အကြုံလုံးဝမရှိခဲ့သော ဇယ်လင်စကီး၏ Servant of the People ပါတီက ဇူလိုင် ၂၁ ရက်၌ ကျင်းပခဲ့သည့်ရွေးကောက်ပွဲတွင် မဲထက် ဝက်နီးပါး ရေတွက်ပြီးချိန်၌ ထောက်ခံမဲ ၄၂ ရာခိုင်နှုန်းနီးပါး ရရှိခဲ့ပြီး အနီးကပ်ဆုံးပြိုင် ဘက်ထက် ၁၂ ရာခိုင်နှုန်းအသာရခဲ့သည်။
မီဒီယာများ၏ ခန့်မှန်းတွက်ချက်မှုများအရ ၎င်း၏ပါတီသည် ပါလီမန်အမတ်နေရာ ၄၅၀ အနက် ထက်ဝက်ကျော်အား ရရှိနိုင်သည့်အခြေအနေတွင်ရှိရာ ဆိုဗီယက်ယူနီယံမှ ခွဲထွက်ပြီးနောက်ပိုင်း ယူကရိန်းသမိုင်းတွင် မည်သည့်ပါတီထက်မဆိုထက် အသာလွန် ဆုံးရလဒ်ဖြစ်လာမည်ဖြစ်သည်။
ကရင်မလင်က ထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ထားသည့် ပါတီတစ်ခု အပါအဝင် အခြားပါတီလေးခုသည် ပါလီမန်ထဲသို့ ဝင်ရောက်နိုင်ရန် သတ်မှတ်ချက်ဖြစ်သည့် ထောက်ခံမဲ ငါးရာခိုင်နှုန်းကို ရရှိခဲ့ကြကြောင်း ရလဒ်များက ဖော်ပြခဲ့သည်။ ဇယ်လင်စကီး၏ ပါတီသည် ညွန့်ပေါင်းတစ်ခုဖွဲ့ရနိုင်သည်ဟု ကနဦးတွင် ယူဆခံခဲ့ရပြီး ရော့ခ်စတား Svyatoslav Vakarchuk ဦးဆောင်သည့် နိုင်ငံရေးပါတီသစ် Golos (Voice) နှင့် လက်တွဲရန် ဆန္ဒရှိခဲ့သည်။ ထိုပါတီသည်လည်း လတ်တလောရရှိထားသည့်မဲများအရ ထောက်ခံမဲခြောက်ရာခိုင်နှုန်း ရရှိထားသဖြင့် ပါလီမန်သို့ ဝင်ခွင့်ရရှိထားပြီး ဖြစ်သည်။
မော်စကိုလိုလားသည့် Opposition Platform- For Life ပါတီကမူ ထောက်ခံမဲ ၁၂.၈ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ၌ ရပ်တည်နေသည်။ သမ္မတဟောင်း ပီထရိုပိုရိုရှင်ကို၏ European Solidarity ပါတီနှင့် ဝန်ကြီးချုပ်ဟောင်း ယူလီယာတိုင်မိုရှင်ကို၏ Batkivshyna (Fatherland) ပါတီတို့ကမူ ထောက်ခံမဲ ၈.၆ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်း အသီးသီး ရရှိထားကြသည်။
မဲပေးပြီးထွက်လာသူများအား မေးမြန်းထားသည့်စစ်တမ်းများ ဇူလိုင် ၂၁ ရက်တွင် ထွက်ရှိခဲ့အပြီး မကြာမီ ဇယ်လင်စကီးက ၎င်း၏ မူလရည်မှန်းချက်များသည် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်နှင့် အကျင့်ပျက်ခြစားမှုများအား တိုက်ဖျက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်သစ်နေရာအတွက် စီးပွားရေးတွင်ကျွမ်းကျင်သူနှင့် မျက်နှာသစ်တစ်ဦးကို ရှာဖွေနေကြောင်း ၎င်းကပြောကြားခဲ့သည်။
ဇူလိုင် ၂၁ ရက်ရွေးကောက်ပွဲ၏ ရလဒ်များအရ ပါလီမန်နှင့် အစိုးရသစ်ထဲသို့ မျက်နှာသစ်များစွာ ဝင်ရောက်လာကြမည်ဖြစ်သည်။ ပြည်ပအကူအညီကို အလွန်အမင်းမှီ ခိုနေရပြီး ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသူပုန်များနှင့် နှစ်နှင့်ချီ လက်နက်ကိုင်ပဋိပက္ခ ကြုံနေရသောနိုင်ငံတွင် ထိမျက်နှာသစ်များသည် စိန်ခေါ်မှုတစ်သီတစ်တန်းကို ကြုံတွေ့ရမည်ဖြစ်သည်။
ဇာတ်မြူးသရုပ်ဆောင်ဟောင်း ဇယ်လင်စကီးက ပြီးခဲ့သောဧပြီရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် အနိုင်ရခဲ့မှုသည် ခွဲထွက်ရေး လက်နက်ကိုင်ပဋိပက္ခအား အဆုံးသတ်ရန်၊ စီးပွားရေးတိုးတက်မှုကို ပြန်လည်အားကောင်းစေရန်နှင့် ကျယ်ပြန့်သော အကျင့်ပျက်ခြစားမှုများအား တိုက်ဖျက်ရန် ပျက်ကွက်ခဲ့ကြသည့် နိုင်ငံရေးအထက်လွှာများကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်ဟု ရှုမြင်ခံခဲ့ရသည်။
Ref ;AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်