Top News

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ရေငုပ်သင်္ဘောသစ်အား စစ်ဆေး
24htopnews | December 12, 2024 8:12 PM CST

တောင်ကိုရီးယားတွင် ပြုလုပ်ရန်ရှိသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် နျူကလီးယားဖျက်သိမ်းရေးအတွက် အမေရိကန်နှင့် ပြုလုပ်မည့်ဆွေးနွေးပွဲများကို လမ်းလွဲစေနိုင်ကြောင်း နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် မြောက်ကိုရီးယားက သတိပေးခဲ့ပြီးနောက် တစ်ပတ်အကြာတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရေငုပ်သင်္ဘောသစ်တစ်စင်းအား စစ်ဆေးပြီး တိုက်ပွဲဝင်လက်နက်စနစ်သစ်များကို အထူးအလေးထားကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုရေငုပ်သင်္ဘောအား ဂျပန်ပင်လယ်ဟုလည်းခေါ်သော အရှေ့ပင်လယ်၌ တပ်စွဲသွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရ သတင်းအေဂျင်စီ KCNA က ဇူလိုင် ၂၃ ရက်တွင် ဖော်ပြခဲ့သော်လည်း ထိုစစ်ဆေးမှုအား ပြုလုပ်ခဲ့သည့်နေရာ သို့မဟုတ် အသေးစိတ်အချက်အလက်များကို မထုတ်ပြန်ခဲ့ပေ။  ခေါင်းဆောင်ကြီးသည် ထိုရေငုပ်သင်္ဘော၏ လည်ပတ်မှု၊ နည်းဗျူဟာဆိုင်ရာ အချက်အလက်နှင့် တိုက်ပွဲဝင်လက်နက်စနစ်များအကြောင်း အသေးစိတ်ကို လေ့လာခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

လာမည့်လတွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား အလုပ်သဘောအဆင့် နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲကို သက်ရောက်စေမည်ဖြစ်ကြောင်း ပြုံယမ်းက သတိပေးခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ကင်က ရေငုပ်သင်္ဘောသစ်ကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ စစ်ရေးစွမ်းရည်ကို ထပ်မံအရှိန်မြှင့်ကြရန် တာဝန်ရှိသူများကို ညွှန်ကြားခဲ့သည်။ ကျူးကျော်ရန်အတွက် အကြိုလေ့ကျင့်မှုဟု မြောက်ကိုရီးယားက ရှုမြင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအား ဆန့်ကျင်မှုအဖြစ် မြောက်ကိုရီးယားသည် နျူကလီးယားနှင့် ဒုံးစမ်းသပ်မှုများအား လ ၂၀ ကြာ ဆိုင်းငံ့ထားမှုကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့သော သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သောနှစ် အစောပိုင်းတွင် အမေရိကန်နှင့် နျူကလီးယား သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှု လုပ်ဆောင်ခဲ့သော်လည်း မြောက်ကိုရီးယားက ရေငုပ်သင်္ဘောသစ်တစ်စင်းအား တည်ဆောက်မှုသည် ၎င်း၏ စစ်ရေးစွမ်း ရည်မြှင့်တင်မှုကို ညွှန်ပြနေသည်။ နိုင်ငံရေး နှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များအတွက် အပြန်အလှန်အားဖြင့် ၎င်း၏ နျူကလီးယားစီမံကိန်းအား စွန့်လွှတ်ရန် ဆန္ဒရှိကြောင်း မြောက်ကိုရီးယားက အကြိမ်ကြိမ် ထုတ်ပြန်ထားသည်။

ယခုရေငုပ်သင်္ဘောအမျိုးအစားအား အတိအကျ မသိရသေးသော်လည်း ကြိုတင်ထောက်လှမ်းရန် ခက်ခဲသည့် ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သော ဒုံးစနစ်အား တီထွင်ရန် မြောက်ကိုရီးယား၏ ကြိုးပမ်းမှုများကြောင့် ပြိုင်ဘက်များနှင့် အိမ်နီးချင်းများအတွက် ကြီးမားသော စိုးရိမ်မှုဖြစ်ခဲ့သည်။ မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘောမှနေ၍ ပဲ့ထိန်းဒုံးများအား ပစ်လွှတ်နိုင်သည့် စွမ်းရည်ရရှိရန် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဟု လေ့လာသူအများအပြားက ယူဆထားသော်လည်း အမေရိကန်နှင့် ဆွေးနွေးပွဲများမတိုင်မီ ယင်းကဲ့သို့ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း အခိုင်အမာ ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားတွင် ရေငုပ်သင်္ဘောနှင့် ရေအောက်သွားနိုင်သည့်ယာဉ် အစင်း ၇၀ ရှိကြောင်း တောင်ကိုရီးယားက ၂၀၁၈ ကာကွယ်ရေးအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Ref ; AP/AFP


READ NEXT
Cancel OK