
မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီအတွင်း ပွတ်တိုက်မှုများ၊ မမှန်မကန် တိုင်ကြားမှုများကြောင့် နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး မိမိအား ယုံကြည်သည့် ပြည်သူများ၏ဆန္ဒ ဖြည့်ဆည်းရန်အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ထီးတန်းဓမ္မာရုံတွင် စက်တင်ဘာ ၁ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောကြားခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လှုပ်ရှားမှုများသည် လွန်ခဲ့သည့် နှစ်နှစ်ခွဲမှစ၍ အားရကျေနပ်စရာ မရှိတော့ဘဲ ယင်းအခြေအနေများတွင် ပွတ်တိုက်မှုများ ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ နှစ်နှစ်ခွဲကစပြီးတော့ ကျွန်တော်တို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရဲ့ လှုပ်ရှားမှု အခြေအနေက အားရကျေနပ်စရာ မရှိတော့ဘူး။ မလှုပ်ရှားနိုင်တဲ့ အခြေအနေမှာ ပွတ်တိုက်မှုတွေ ဖြစ်လာခဲ့တာ ရှိပါတယ်။ အဲဒီနောက်ပိုင်း ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့အခါမှာလည်း ပွတ်တိုက်မှုတွေက နောက်ပိုင်း ပြန်သိရတဲ့အချိန်မှာ မမှန်မကန် တင်ပြမှုတွေ၊ မမှန်မကန် တိုင်ကြားမှုတွေကလည်း ကျွန်တော့်အတွက် ထိခိုက်စရာ ဖြစ်လာတဲ့ အနေအထားမျိုးတွေ ရှိတယ်ဆိုတာ သိလာရပါတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။
မြို့နယ်ပါတီ၏ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် ပထမဦးစားပေးအနေဖြင့် ပါရှိသော်လည်း ပါတီမှ အတည်ပြု ထုတ်ပြန်သည့်အခါ မိမိအမည် ပါဝင်ခြင်းမရှိတော့ဘဲ တတိယနေရာတွင် အမည်စာရင်းရှိသူက အတည်ပြုစာရင်းတွင် ပါရှိခဲ့ပြီး ပါတီ၏ ထုတ်ပြန်မှုကိုလည်း လက်ခံခဲ့ကြောင်း ဦးလှဌေးက ဆိုသည်။
ထို့နောက် မိမိအနေဖြင့် ပါတီတာဝန်များ ထမ်းဆောင်းရန် ဆုံးဖြတ်ထားပြီး ရွေးကောက်ပွဲဝင်ရန် မဆုံးဖြတ်ထားကြောင်း၊ သို့သော် မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ပွတ်တိုက်မှု အခြေအနေသည် ပါတီတာဝန်များပင် ထမ်းဆောင်၍ မရအောင် မမှန်မကန် ပွတ်တိုက်မှုများ ကြီးမားလာကြောင်း ဦးလှဌေးက ဆက်လက်ပြောကြားသည်။
“အဲဒီလို ကိုယ်စားလှယ်လောင်း ရွေးချယ်ပြီးတဲ့အခါမှာ ပါတီတာဝန် ဆက်လက် ထမ်းဆောင်ဖို့ဆိုပြီး ဆုံးဖြတ်ထားပါတယ်။ ရွေးကောက်ပွဲကို ဝင်ရောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် မရှိသေးပါဘူး။ သို့သော်လည်း မြို့နယ်ရဲ့ ပွတ်တိုက်မှုအခြေအနေမှာ ကျွန်တော့်ကို တစ်ဖက်က ပွတ်တိုက်မှုတွေက ပါတီတာဝန်တောင် ထမ်းဆောင်လို့ မရအောင် မမှန်မကန် ပွတ်တိုက်မှုတွေက တအားကြီးမားလာတာ ဖြစ်တယ်”ဟု ဦးလှဌေးက ဆက်လက် ပြောကြားသည်။
ယင်းနောက် သြဂုတ် ၇ ရက်တွင် NLD ပါတီမှ နုတ်ထွက်ခဲ့ပြီး ယင်းနေ့တွင်ပင် ၂၀၂၀ ရွေးကောက်ပွဲတွင် ယခု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းလင်းသည်။
“ပါတီက ထွက်ပြီးတဲ့အခါမှာ ဘေးထွက်နေရင်တော့ ဘာမှ လုပ်ရကိုင်ရတာ အဆင်ပြေမှာ မဟုတ်ဘူး။ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ရှိနေရင်တော့ ဒီနိုင်ငံရေးကို ဆက်လုပ်နိုင်မှာ။ တစ်နည်းအားဖြင့် ကိုယ့်မဲဆန္ဒနယ်မှာ ကိုယ့်ကိုအားကိုးတဲ့ ယုံကြည်တဲ့ ပြည်သူတွေရဲ့ ဆန္ဒတစ်ခုကို ပြန်လည် ဖြည့်ဆည်းနိုင်တဲ့ အနေအထားကို ရောက်ရှိပါလိမ့်မယ်။ အဲဒီလိုလည်း ရောက်ရှိအောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော် တစ်သီးပုဂ္ဂလအနေနဲ့ ပြန်လည်ဝင်ရောက် ရွေးချယ်ခြင်းပဲ ဖြစ်ပါတယ်” လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးလှဌေးက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်