
တပ်မတော်အနေဖြင့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြည်သူ ရွေးချယ်တင်မြှောက်သည့် အစိုးရ၏ မူဝါဒအပေါ်တွင် ရပ်တည်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၎င်းတို့၏ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ထည့်သွင်းထားသည်။
စက်တင်ဘာ ၁ ရက်က ထုတ်ပြန်သည့် ပါတီ၏ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် အထက်ပါအချက် အပါအဝင် အချက် ရှစ်ချက်ကို ကာကွယ်ရေးနှင့် လုံခြုံရေး အခန်းတွင် ထည့်သွင်း ရေးသားထားခြင်း ဖြစ်သည်။
“ဒီအချက်ကို ထည့်သွင်းရတဲ့ အကြောင်းအရင်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါပဲ။ အဲဒီအခြေခံဥပဒေကို အကြောင်းပြုပြီးတော့ ရွေးကောက်ခံ အစိုးရအပေါ်မှာ သီးခြားကင်းကွာပြီး မနေဖို့၊ မနေနိုင်အောင်၊ မနေကြအောင် ဒီစာကြောင်းကို ထည့်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်”ဟု NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြားသည်။
အဆိုပါအချက်သည် ယခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပါဝင်လာခြင်းဖြစ်ပြီး ယခင် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တပ်မတော်နှင့် နိုင်ငံတော်ကာကွယ်ရေး ယန္တရားတစ်ရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်ထဲ၌သာ တည်ရှိရန်ဟု ဖော်ပြပါရှိသည်။
“ရွေးကောက်ပွဲ ကြေညာစာတမ်း ဆိုတာကတော့ အလွန်အရေးကြီးပါတယ်။ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေရဲ့လမ်းညွှန်ပဲ၊ မျှော်မှန်းချက်ပဲ”ဟု မုံရွာအောင်ရှင်က ဆိုသည်။
ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်များသည် ပါတီရွေးကောက်ပွဲ အနိုင်ရပြီးနောက် ရှေ့ဆက် ဆောင်ရွက်မည့် ပါတီမူဝါဒများဖြစ်ရာ NLD ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တပ်မတော်နှင့် ပတ်သက်သည့် အချက် လေးချက် ထည့်သွင်းထားသည်။
ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တပ်မတော်၏ အဓိက တာဝန်အဖြစ် နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားများကို ကာကွယ်ရန်၊ ပြည်သူ ယုံကြည်အားကိုးသော တပ်မတော်ဖြစ်ရန်၊ စစ်ရေးစွမ်းရည် ထက်မြက်ပြီး နည်းပညာပိုင်းဆိုင်ရာ တိုးတက်ခေတ်မီသည့် တပ်မတော်ဖြစ်ရန် ဆောင်ရွက်မည်ဟု ပါရှိသည်။
ထို့ပြင် NLD ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ကာကွယ်ရေးနှင့် လုံခြုံရေးအခန်းတွင် ရဲတပ်ဖွဲ့နှင့် ပတ်သက်သည့် အချက် လေးချက် စုစုပေါင်း ရှစ်ချက် ထည့်သွင်းပြီး ယခင် ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းထက် နှစ်ချက် ပိုမို ထည့်သွင်းလာခဲ့သည်။
ရဲတပ်ဖွဲ့နှင့် ပတ်သက်၍ ပြည်သူချစ်ခင် အားကိုးသော ရဲတပ်ဖွဲ့ဖြစ်ရန်၊ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်သော ရဲတပ်ဖွဲ့ဖြစ်ရန်၊ ဒီမိုကရေစီစံနှုန်းများကို အခြေခံသည့် တည်ငြိမ်အေးချမ်းသော လူမှုအသိုင်းအဝိုင်း ထွန်းကားရေး ပံ့ပိုးရန်နှင့် အရည်အသွေးပြည့်ဝပြီး ခေတ်မီ တိုးတက်သော ရဲတပ်ဖွဲ့ဖြစ်ရန် ဆောင်ရွက်မည်ဟု ပါတီရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖော်ပြသည်။
အဆိုပါ ကာကွယ်ရေးနှင့် လုံခြုံရေးအခန်းရှေ့တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တိုင်းရင်းသားများအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံခြားရေးတို့နှင့် ပတ်သက်သည့် အချက်များကို ဖော်ပြထားသည်။
ထို့ပြင် စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစား၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးတို့အပြင် တောင်သူလယ်သမား၊ အလုပ်သမား၊ အမျိုးသမီးနှင့် လူငယ်တို့နှင့် ပတ်သက်သည့် ပါတီ၏ မူဝါဒများကို NLD ပါတီက ဖော်ပြထားသည်။
NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် အချက် သုံးချက် ပါဝင်ပြီးနောက်တွင် ရွေးကောက်ပွဲ ဆောင်ပုဒ်တို့ကို ဖော်ပြထားသည်။
အဆိုပါ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက် သုံးချက်ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းနှင့် နှိုင်းယှဉ်လျှင် အခြေခံဥပဒေနှင့် ပတ်သက်သည့်အချက်တွင် စကားရပ် အပြောင်းအလဲအချို့ ပြုလုပ်ထားပြီး ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေးအချက်ကို လက်ရှိ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ထပ်မံထည့်သွင်းထားခြင်း မရှိသည်ကို တွေ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်