
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲရုံသို့အရောက်သွား၍ မဲပေးရန်နှင့် မဲပေးရာတွင် အခြေခံလူတန်းစားများ၏ ဘဝတိုးတက်ရေးလုပ်ဆောင်သည့်ပါတီကို မဲပေးရန် ရန်ကုန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက စက်တင်ဘာ ၁ ရက်တွင် တိုက်တွန်းပြောကြားသည်။
နိုဝင်ဘာတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ဘာသာရေးနယ်ပယ်မှ ပုဂ္ဂိုလ်တစ်ဦးအနေနှင့် မြန်မာနိုင်ငံ၏ကောင်းကျိုးနှင့် တိုင်းပြည်သာယာဝပြောရေးအတွက် ယခုကဲ့သို့ မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အချက် ၁၀ ချက်ပါ ကာဒီနယ် ချားလ်စ်မောင်ဘို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ ဒီမိုကရေစီစနစ်က အားနည်းသူ၊ ထိခိုက်လွယ်သူတွေကို များစွာအထောက်အကူပြုပါတယ်။ ဆင်းရဲချို့တဲ့သူတွေဟာ အုပ်ချုပ်သူအစိုးရကို ရွေးချယ်နိုင်တဲ့အတွက် ရွေးကောက်ပွဲဟာ အရေးပါလှပါတယ်။ ဆင်းရဲချို့တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ မဲ မထည့်လိုက်ရတာမျိုး အဖြစ်မခံပါနဲ့။ အခြေခံလူတန်းစားတွေရဲ့ဘဝတိုးတက်ဖို့ လုပ်ဆောင်တဲ့ပါတီကို မဲပေးရွေးချယ်ကြပါ” ဟု ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောကြားသည်။
မဲပေးခြင်းသည် မွေးရာပါ အခွင့်အရေးဖြစ်သလို မွန်မြတ်သည့် တာဝန်လည်းဖြစ်ပြီး ဒီမိုကရေစီခရီးလမ်းတွင် မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအမည် မဲစာရင်းတွင် ပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးကာ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးရန် တိုက်တွန်းလိုကြောင်း ကာဒီနယ် ချားလ်စ်မောင်ဘိုက ဆိုသည်။
ပြည်သူပြည်သားများ တက်ကြွစွာ ပါဝင်ခြင်းက ဒီမိုကရေစီလမ်းစဉ်အတွက် လွန်စွာ အရေးကြီးသည့် အချက်ဖြစ်ပြီး ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးခြင်းသည် ပြည်တွင်းပဋိပက္ခများနှင့် ထိခိုက်နာကျင်နေသည့် နိုင်ငံကိုကုစားရန် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ခြင်းကြောင့် ငြိမ်းချမ်းရေးအတွက် မဲပေးကြရန်လည်း ၎င်းက ဆက်လက်ပြောကြားသည်။
နိုင်ငံ့သယံဇာတများကို နိုင်ငံသားအားလုံး၏ ကောင်းကျိုးအတွက် အထူးသဖြင့် ဆင်းရဲချို့တဲ့သူများနှင့် အစွန့်ပစ်ခံလူတန်းစားများအတွက် မသုံးစွဲသရွေ့ ငြိမ်းချမ်းရေးပန်းတိုင် ဝေးနေဦးမည်ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် သေချာစွာစိစစ်ရန်နှင့် သယံဇာတများကို မတရားခြယ်လှယ်ခဲ့သူများကို မဲမပေးရန် ရန်ကုန်ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောကြားသည်။
“ သူခိုးတွေဟာ ကျွနု်ပ်တို့ရဲ့ ကိုယ်စားလှယ်တော်တွေ ဖြစ်ဖို့ မထိုက်တန်ပါဘူး” ဟု ကာဒီနယ် ချားလ်စ်မောင်ဘိုက ဆိုသည်။
ထို့ပြင် ပြည်တွင်းခရိုနီများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံကို အမြတ်ထုတ်ရန် ကြံစည်နေကြသည့် ပြည်ပအရင်းရှင်များလည်း ရှိကြပြီး ယင်းသို့တိုင်းပြည်အပေါ် စေတနာမထားသူများကို ဒီမိုကရေစီအစိုးရထဲတွင် နေရာမပေးရန် လိုအပ်မည်ဟု ၎င်းက ပြောကြားသည်။
ယခင် အာဏာရှင်အစိုးရအဆက်ဆက်အနေဖြင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုကို မျက်ကွယ်ပြုခဲ့သောကြောင့် ဖွံ့ဖြိုးတိုးတက်မရှိသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ရပြီး ထို့အတွက် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးကို ပီပြင်စွာ ဖော်ဆောင်ပေးမည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မဲပေးရန် ကာဒီနယ် ချားလ်စ်မောင်ဘိုက တိုက်တွန်းသည်။
မြန်မာနိုင်ငံတွင် ဉာဏ်ရည်ပြည့်ဝသည့် ခေါင်းဆောင်များစွာ လိုအပ်နေပြီး ယင်းတို့အနေဖြင့် ရိုးသားဖြောင့်မတ်စိတ်၊ တာဝန်ယူတာဝန်ခံစိတ်၊ ပွင့်လင်းမြင်သာစိတ်နှင့် ပြည့်ဝသည့်ခေါင်းဆောင်များ ဖြစ်ရန်လိုပြီး ယခုလိုအပ်နေသည်က ပြည်သူကို အလုပ်အကျွေးပြုလိုသည့် ခေါင်းဆောင်များဖြစ်ကြောင်း ၎င်းက ဆိုသည်။
လတ်တလော ရင်ဆိုင်နေရသည့် ကိုဗစ်ကပ်ရောဂါအပါအဝင် ကပ်ဘေးများကို ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပြီး တိုက်ဖျက်ပေးမည့်သူများကို လာမည့်ရွေးကောက်ပွဲက မွေးထုတ်ပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်မှန်သည့် နိုင်ငံရေး၊ စီးပွားရေး၊ ဖက်ဒရယ်လမ်းစဉ်များ ထွက်ပေါ်လာစေရန် ကြိုးစားလှုပ်ရှားခဲ့ပြီး ၎င်း၏ အိပ်မက်ကို အကောင်အထည်ဖော်ပေး မည့်သူများကို မဲပေးရန်လည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းတိုက်တွန်းထားသည်။
လာမည့် ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၉၃ ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၉၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အတည်ပြုစာရင်းများကို သြဂုတ် ၃၀ ရက်က တိုင်းနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်