Top News

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား နေပြည်တော်တွင် ကျင်းပ
24htopnews | December 10, 2024 10:12 PM CST

ပ ဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားအား နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဒီဇင်ဘာ ၉ ရက်က ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားအား နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီးအခမ်းအနားသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး နှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊  အိုလံပစ်ကော်မတီဝင်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အနုပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အားကစားအသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ တပ်မတော်သားများ၊ ဝန်ကြီးဌာနအသီးသီးမှဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ကြသည်။

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ၂ဝ၂၄ ခုနှစ်၊ ပ ဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအထိမ်း အမှတ်အဖြစ် ကံကော်ပင်အား စိုက်ပျိုးပေးပြီး သစ်ပင်စိုက်ပျိုးခြင်း ကမ္ပည်းမော်ကွန်း အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားအား စတင်ကျင်းပရာ အလွတ်ခုန်လေထီးအဖွဲ့မှ လေထီးစစ်သည်များက အမျိုးသားအားကစားပွဲတော်အလံနှင့် တိုင်းဒေသကြီး၊ ပြည် နယ်အလံများကို ဝေဟင်ထက်မှ မြေပြင်သို့ ချိတ်ဆွဲသယ်ဆောင်၍ ကွင်းအတွင်းသို့ ဂုဏ်ပြုဆင်းသက်ကြပြီး နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား အလေးပြုကြသည်။

ထို့နောက် အခမ်းအနားအား အမှတ်စဉ်ရေတွက်၍ ဖွင့်လှစ်ပြီး တစ်ချိန်တည်းတွင် မီးရှူးမီးပန်းများပစ်ဖောက်ကာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “လှပချစ်စရာ တို့ရွှေမြန်မာတေးသီချင်းဖြင့် သရုပ်ဖော်တင်ဆက်ကြ သည်။

ထို့နောက် နိုင်ငံတော်စစ်တီးဝိုင်းက ကွင်းအတွင်းနေရာယူပြီး အလံတော်အဖွဲ့ ဦးဆောင်၍ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အားကစား အသင်များ ကွင်းအတွင်းသို့ ဝင်ရောက်ချီတက် နေရာယူကြကာ နိုင်ငံတော်အလံကို လွှင့်တင်၍ အလေးပြုကြပြီး မြန်မာ့အားကစားရွှေခေတ်ကာလ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားသမားဟောင်းကြီးများက အမျိုးသားအားကစားပွဲတော်အလံကို ကွင်း အတွင်းသို့ သယ်ဆောင်လာပြီး အလံကိုလွှင့်တင်ကြသည်။

ဆက်လက်ပြီး နစက ဥက္ကဋ္ဌက ယခုကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီးကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ (၃၃) ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲ များတွင်ပါဝင်ယှဉ်ပြိုင်နိုင်ပြီးအောင်မြင်မှုရရှိစေရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီ အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ်အားကစားသမား များ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစား လှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက် လာစေရေးနှင့် ပြည်သူတစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ဝင်စားလာပြီး အားကစား လှုပ်ရှားမှုများမှာ ပါဝင်လှုပ်ရှားကစားလာစေရေး စသည့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ခေတ်အဆက်ဆက်က မိမိတို့၏ တိုင်းရင်းသားညီအစ်ကို နိုင်ငံ့လက်ရွေးစင် အားကစားသမားများသည် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့ကြောင်း၊ မိမိတို့၏ မြန်မာနိုင်ငံတော်အလံကို နိုင်ငံတကာအလယ် တွင် အလံတိုင်ထိပ်ရောက်အောင် လွှင့်ထူစေနိုင်ခဲ့ပြီး တာဝန်ကျေပွန်ခဲ့ကြကြောင်း၊ ထို့ကြောင့် နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာ့အလံကို တိုင်ထိပ်ရောက်အောင် လွှင့်ထူ နိုင်စွမ်းရှိသည့် အားကစားအောင်မြင်မှုများသည် နိုင်ငံ့ဂုဏ်သိက္ခာကိုအလွန်မြင့်မားစေပြီး နိုင်ငံ၏အဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်သည့်အတွက် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို နိုင်ငံသားတိုင်းက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက်မှာကြားလိုကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ပ ဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစား ပြိုင်ပွဲအတွက် အားကစားနည်း (၂၃) မျိုး၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲအတွက် အားကစားနည်း (၆) မျိုးနှင့် မသန်စွမ်း အားကစားပြိုင်ပွဲ (၄ )မျိုးတို့ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ၂ဝ၂၄ခုနှစ်၊ ပ ဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အထိမ်း အမှတ် မီးရှူးတိုင်ကို မြန်မာ့လက်ရွေးစင် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများက လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြကာ အထူးတန်း ပွဲကြည့်စင်ရှေ့ စင်မြင့်ပေါ်ရှိ မီးရှူးတိုင်တွင် မီးထွန်းညှိကြသည်။ ယင်းသို့ မီးထွန်းညှိလိုက်သည်နှင့်တစ်ပြိုင်နက် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းကြီး၏  ပင်မ အထိမ်းအမှတ် မီးရှူးတိုင်သည်လည်း မီးလင်းလာခဲ့သည်။

ထို့နောက် အားကစားသမားများနှင့် ဒိုင်လူကြီးများက အားကစားသစ္စာဓိဌာန်ကို ရွတ်ဆိုကြပြီး အလံတော်အဖွဲ့နှင့် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ မြန်မာ့သမိုင်းစဉ်တစ်လျှောက် အထင်အရှားရှိခဲ့သည့် ခေတ် (၆ )ခေတ်ကို ကိုယ်စားပြုသည့် ယိမ်းအကများဖြင့် သရုပ် ဖော်တင်ဆက်မှု၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှအဖွဲ့ဝင်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် တို့မှ ကျောင်းသား၊ ကျောင်းသူများ၏ သရုပ်ပြဖျော်ဖြေမှုများ၊ တေးသီချင်းများဖြင့် သီဆို တင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။  

ထို့နောက် ၂ဝ၂၄ ခုနှစ်၊ ပ ဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများကို ပစ်ဖောက်ခဲ့ပြီး နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားဟောင်းကြီးများနှင့် အနုပညာရှင်များအား နှုတ်ဆက်ခဲ့ကြသည်။  

ပထမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် မေ (၃) ရက်မှ (၁၆) ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း (၂၂)နည်းဖြင့်လည်းကောင်း၊ ဒုတိယ အကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ဇန်နဝါရီ (၂၅) ရက်မှ ဖေဖော်ဝါရီ (၆) အထိ ရန်ကုန်မြို့၌ အားကစားနည်း(၂၄)နည်းဖြင့်လည်းကောင်း၊ တတိယအကြိမ်ကို ၁၉၉၇ ခုနှစ်တွင် ဇန်နဝါရီ (၁၁) ရက်မှ (၂၄) ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း (၂၉) နည်းဖြင့် လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ်တွင် ဖေဖော်ဝါရီ (၁၃) ရက်မှ (၂၈) ရက်အထိ နေပြည်တော်၌ အားကစားနည်း (၂၇) နည်းဖြင့်လည်းကောင်း ကျင်းပခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK