Top News

ထိုင်းအောက်လွှတ်တော်က ‘ဝ’ အဖွဲ့ (UWSA) ကိစ္စအပါအဝင် နယ်စပ်ရေးရာဆွေးနွေးမှုများကို ပြုလုပ်မည်
24htopnews | December 10, 2024 3:12 PM CST

ထိုင်းအောက်လွှတ်တော်အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားရေးမဟာဗျူဟာနှင့် အမျိုးသားပြုပြင်ပြောင်းလဲရေး ကော်မတီက ဒီဇင်ဘာ ၁၃ ရက်တွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အပါအဝင် နယ်စပ်ရေးရာတင်းမာမှုများကို ဖြေရှင်းရန်စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

ထိုင်းနယ်စပ်အနီးတွင် UWSA တည်ရှိမှုသည် စိုးရိမ်စရာကိစ္စတစ်ရပ်ဖြစ်သည်ဟု ပြည်သူ့ပါတီ လက်ထောက်ခေါင်းဆောင်နှင့် ကော်မတီဥက္ကဋ္ဌဖြစ်သည့် ရန်ဆိုင်မန်ရိုမီက ပြောကြားခဲ့သည်။

နယ်စပ်ဒေသတစ်လျှောက် ကာလကြာရှည်ပြဿနာများရှိနေပြီး အပြစ်မဲ့ပြည်သူများကို ထိခိုက်နစ်နာစေခဲ့ကာ အိမ်ပစ်ရာပစ်စွန့်ခွာပြေးခဲ့သူ နှစ်သန်းကျော်သည် ထိုင်းတွင် ခိုလှုံနေထိုင်ခွင့်ရရန် ကြိုးပမ်းနေကြောင်း ၎င်းက ပြောသည်။

မည်သို့ပင်ဆိုစေ ထိုင်းနိုင်ငံသည် ဒုက္ခသည် ၁၀၀၀၀၀ ခန့်ကိုသာ လက်ခံနိုင်သဖြင့် ဒုက္ခသည်အစုလိုက်အပြုံလိုက်ဝင်ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်းရန် မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။

ထိုင်းနိုင်ငံသည် မြန်မာပဋိပက္ခ၏ သက်ရောက်မှုများမှ ကင်းလွတ်နိုင်မည်မဟုတ်ကြောင်း တိုက်ခိုက်မှုများပြင်းထန်လာပါက လူများသည် နယ်စပ်ကိုဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ မလွဲမသွေ ဝင်ရောက်လာလိမ့်မည်ဖြစ်ကြောင်း မစ္စတာ ရန်ဆိုင်မန်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ထိုကဲ့သို့ ဝင်ရောက်လာသူများကို ငြင်းခဲ့မည်ဆိုပါက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ် နိုင်ငံ၏ပုံရိပ်ကို ကျဆင်းစေလိမ့်မည်ဖြစ်သည်။

UWSA နှင့်စပ်လျဉ်းပြီး မစ္စတာ ရန်ဆိုင်မန်က ကော်မတီအနေဖြင့် ဒီဇင်ဘာ ၁၃ ရက်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မကြာသေးမီက ထိုင်းငါးဖမ်းသင်္ဘောများကို မြန်မာရေတပ်က ပစ်ခတ်ပြီး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည့် ဖြစ်စဉ်ကိုလည်း ထည့်သွင်းဆွေးနွေးမည်ဟုဆိုသည်။

မကြာသေးမီက ထွက်ပေါ်ခဲ့သည့် သတင်းများတွင် UWSA စစ်စခန်းများသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်၏ နယ်နိမိတ်များအတွင်း ချင်းနင်းဝင်ရောက်နေကြောင်း ဖော်ပြခဲ့သည်။

ထိုင်းစစ်တပ်ကမူ ထိုသတင်းများကို ငြင်းဆိုခဲ့ပြီး ၎င်းတို့နှစ်ဖက်အကြား ကောင်းမွန်သည့် ဆက်ဆံရေးရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ နယ်မြေချင်းနင်းဝင်ရောက်မှုသည် ထိုင်းနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်းက ဖြစ်ပွားခဲ့သည့် မူးယစ်ဆေးဝါးပြဿနာများနှင့် ဆက်နွှယ်မှုရှိနိုင်ကြောင်း မစ္စတာ ရန်ဆိုင်မန်က ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့နေသည့် လျှပ်စစ်ဓာတ်အားလိုင်းများကို “၀” ထိန်းချုပ်ထားသည့် နယ်မြေများမှတစ်ဆင့် ပေးပို့နေခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး ထိုနယ်မြေများသည် မူးယစ်ဆေးဝါးထုတ်လုပ်မှုကို သွယ်ဝိုက်အကူ အညီပေးဖွယ်ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

သို့သော်လည်း ထိုင်းနိုင်ငံက ထောက်ပံ့ပေးနေသည့် လျှပ်စစ်ဓာတ်အားကို အသုံးပြုပြီး မူးယစ်ဆေးဝါးများထုတ်လုပ်နေခြင်းရှိ၊ မရှိကို ရန်ဆိုင်မန်က အတည်မပြုခဲ့ပေ။

မြန်မာ-ထိုင်းနယ်စပ် အငြင်းပွားဧရိယာရှိ UWSA ၏စခန်းများကို ဒီဇင်ဘာ ၁၈ ရက်တွင် ဖယ်ရှားပေးရန် ထိုင်းနိုင်ငံက တောင်းဆိုခဲ့ပြီးနောက်  စစ်ရေးတင်းမာလျက်ရှိသည်ဟု ထိုင်းမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ပြီး UWSA ဘက်ကတုံ့ပြန်ရာတွင် နိုင်ငံတော်အချင်းချင်းဖြေရှင်းရမည့်ကိစ္စဖြစ်သဖြင့် နိုင်ငံတော်ထံ တင်ပြထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့နောက် ထိုင်းစစ်တပ်က ထုတ်ပြန်ရာတွင် နယ်စပ်ပြဿနာနှင့်ပတ်သက်၍ ထိုင်းနှင့် UWSA အကြား ထိပ်တိုက်တွေ့မှုအန္တရာယ်မရှိဟုပြောကြားခဲ့သည်။

“၀” အဖွဲ့အား ထိုင်းစစ်တပ်က အငြင်းပွားဧရိယာအတွင်းရှိ စခန်းများဖယ်ရှားခိုင်းနေချိန်တွင် ထိုင်းနိုင်ငံရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် နေပြည်တော်သို့ ရောက်ရှိလာပြီး နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူးစစ်မေနဖန်အား နိုဝင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေးအပေါ် မြင်ချင်းဖလှယ်ခဲ့ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးစသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK