Top News

ဒစ္စနေအမှုဆောင်အရာရှိချုပ်က ဂျိမ်းစ်ဘွန်း၏မူပိုင်ခွင့်များအား ဝယ်ယူရန် အရိပ်အမြွက် ပြောကြား
24htopnews | December 10, 2024 3:12 PM CST

ဝေါ့ဒစ္စနေအမှုဆောင် အရာရှိချုပ် ဘော့အီဂါက ဂျိမ်းစ်ဘွန်း၏ မူပိုင်ခွင့်များအား ဝယ်ယူရန်နှင့်ပတ်သက်၍ အရိပ်အမြွက် ထုတ်ဖော်ပြောကြားခဲ့သည်။ Lucasfilm နှင့် Marvel စတူဒီယိုများအား ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်သော်လည်း မတင်းတိမ်သေးသော အီဂါက ကမ္ဘာ့လူကြိုက်အများဆုံး သူလျှိုဇာတ်လမ်းသည် ဟယ်ရီပေါ်တာ သို့မဟုတ် Lord of the Rings တို့ကိုကျော်၍ ဒစ္စနေနှင့် မကြာမီ ပူးပေါင်းနိုင်ကြောင်း ရွှင်ရွှင်ပျပျဖြင့် ပြောကြားခဲ့သည်။

တိုင်းမ်မဂ္ဂဇင်း၏ ၂၀၁၉ ခုနှစ်အတွက် Businessperson အဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် အီဂါက ထိုမဂ္ဂဇင်းနှင့် အင်တာဗျူး ပြုလုပ်ခဲ့ပြီး ၎င်း၏အမွေအနှစ်အား ထင်ဟပ်စေရန်နှင့် ဒစ္စနေ၏အနာဂတ်ကို မျှော်ကြည့်၍ ပြောကြားခဲ့သည်။

အီဂါက သူ့အနေဖြင့် ဟယ်ရီပေါ်တာ၊ Gandalf သို့မဟုတ် ဂျိမ်းစ်ဘွန်းတို့အနက် တစ်ခုခု၏ ဉာဏပစ္စည်းမူပိုင်ခွင့်ကို ဝယ်ယူနိုင်မည်ဆိုလျှင် ဂျိမ်းစ်ဘွန်းကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

007 အတွက် စျေးကွက်တွင် ကွာဟမှုကို ရှင်းရှင်းလင်းလင်း ရိပ်စားမိသော အီဂါက လတ်တလောတွင် မိမိတို့သည် မည်သည့်အရာကိုမျှ ဝယ်ယူရန် လုပ်ဆောင်နေခြင်း မရှိကြောင်း၊ သို့သော် သူသည် ဂျိမ်းစ်ဘွန်း၏ အကြီးစား ပရိသတ်တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၀၅ ခုနှစ်တွင် မိုက်ကယ်အက်စ်နာအား ဆက်ခံခဲ့ပြီးနောက် အီဂါ၏ ဒစ္စနေသည် ပြီးခဲ့သော ဆယ်စုနှစ်ကျော်အတွင်း ပြန်လည် အင်အားကောင်းလာခဲ့သည်။ ၂၀၁၂ ခုနှစ် တွင် ဒစ္စနေက ဂျော့လူးကပ်စ်ထံမှ Star Wars အား ဒေါ်လာ ၄.၀၅ ဘီလျံဖြင့် ဝယ်ယူမှုတွင် အီဂါက ကြီးကြပ်ခဲ့သည်။ ၂၀၁၉ ခုနှစ်အရောက်တွင် ထိုဖရန်ချိုက်သုံးခုသည် တစ်ရှိန်ထိုး အောင်မြင်ခဲ့ပြီး ရုပ်ရှင်ဝင်ငွေရရှိမှု၌ ဒေါ်လာ ဘီလျံနှင့်ချီ ရရှိခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ဒစ္စနေ၏ အမှုဆောင်အရာရှိချုပ်အဖြစ်မှ တရားဝင် နုတ်ထွက်ရန် ရည်မှန်းထားသော အီဂါ၏ နှစ်စဉ် လစာရရှိမှုသည် ဒေါ်လာ ၆၅.၆ သန်းအထိ မြင့်တက်လာခဲ့ပြီး ဟောလိဝုဒ်တွင် သြဇာ အကြီးဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့သည်။

ပြီးခဲ့သောသီတင်းပတ်တွင် ထုတ်လွှင့်ခဲ့သော ဂျိမ်းစ်ဘွန်း၏ ၂၅ ကားမြောက်ဖြစ်သည့် No Time to Die အတွက် ပထမဆုံး တရားဝင် နမူနာတွင် အလွန်အမင်း မထုတ်ဖော်ထားသော်လည်း ပြန်ပေးဆွဲခံထားရသူ သိပ္ပံပညာရှင်တစ်ဦးအား ကယ်တင်ရန်အတွက် ခိုင်းစေခံခဲ့ရသည့် သူလျှို ဂျိမ်းစ်ဘွန်းသည် အန္တရာယ်ကြီးမားသော နည်းပညာသစ် ပိုင်ဆိုင်ထားသည့် ပဟေဠိဆန်သော လူဆိုးတစ်ဦးနှင့် ယှဉ်ပြိုင်ရမှုကို ပုံဖော်ထားပြီး ပရိသတ်များအား အမှန်တကယ် အံ့အားသင့်စေရမည်ဟု အာမခံထားသည်။

ဒေါ်လာသန်း ၂၅၀ အကုန်အကျခံ၍ ရိုက်ကူးထားသော No Time to Die ဇာတ်ကားအား ဒါရိုက်တာ ကာရီဂျိုဂျီဖူကူနာဂါက ရိုက်ကူးထားခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ ၃ တွင် အိုင်ယာလန်၌ အစောဆုံး ဖြန့်ချိသွားမည်ဖြစ်သည်။

 


READ NEXT
Cancel OK