Top News

လောက်ကိုင်မြို့တွင် ပြန်ပေးဆွဲမှု၊ ငွေညှစ်မှုနှင့် လူသတ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ ၂၁ ဦးကို MNDAA အဖွဲ့က အများပြည်သူရှေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၎င်းတို့အနက် ခြောက်ဦးကို သေဒဏ်စီရင်
24htopnews | December 10, 2024 1:12 PM CST

လောက်ကိုင်မြို့တွင် ပြန်ပေးဆွဲမှု၊ ငွေညှစ်မှုနှင့် လူသတ်မှုများ ပြစ်ဒဏ်ချမှတ်ခံရသူ ၂၁ ဦးကို MNDAA အဖွဲ့က အများပြည်သူရှေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၎င်းတို့အနက် ခြောက်ဦးကို သေဒဏ်စီရင်ခဲ့ကြောင်း ကိုးကန့်သတင်းအေဂျင်စီ၏ ဖော်ပြမှုအရ သိရသည်။

အဆိုပါပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်ချမှတ်ခြင်းကို ဒီဇင်ဘာ ၅ ရက်က လောက်ကိုင်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပြစ်ဒဏ်ချမှတ်ခံရသူများအနက် ခြောက်ဦးကို သေဒဏ်ချမှတ်ကာ ချက်ခြင်းသေဒဏ်စီရင်ခဲ့ပြီး၊ ပြစ်မှုကျူးလွန်သူများသည် မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ဓားပြမှု၊ လူသတ်မှု၊ သေနတ်များဖြင့် လုယက်မှုကျူးလွန်ကြံစည်မှုတို့ဖြစ်ကြောင်း သိရသည်။

သေဒဏ်ချမှတ်ခံရသူသည် ခုနစ်ဦးဖြစ်ပြီး ခြောက်ဦးကို ချက်ခြင်းသေဒဏ်စီရင်ခဲ့ကြောင်းနှင့် ၎င်းတို့သည် လက်နက်ကိုင်ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုတို့အတွက်ဖြစ်ကြောင်း ကိုးကန့်သတင်းအေဂျင်စီ၏ဖော်ပြမှုအရ သိရသည်။

ယခုကဲ့သို့ ပြစ်ဒဏ်စီရင်ခံရသူများကို အများပြည်သူအား လှည့်လည်ပြသခြင်းသည် ရာဇဝတ်မှုများဟန့်တားမှုဖြစ်စေရန်နှင့် ဥပဒေပညာပေးသင်ခန်းစာဆောင်ရွက်ခြင်းဖြစ်ဟု ကိုးကန့်အဖွဲ့၏ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

MNDAA အဖွဲ့သည် လောက်ကိုင်မြို့ကို ထိန်းချုပ်ပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလက ပထမအကြိမ် အများပြည်သူရှေ့တွင် ပြစ်ဒဏ်ချမှတ်မှုကို ပြုလုပ်ခဲ့ရာ လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် ငွေကြေးအဓမ္မတောင်းခံမှုဖြင့် ၎င်းတို့တပ်ဖွဲ့ဝင်များအပါအဝင် လူ ၁၀ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၎င်းတို့အနက် သုံးဦးကို သေဒဏ်စီရင်ခဲ့သည်။

ထိုသို့ ကိုးကန့်အဖွဲ့၏ သေဒဏ်စီရင်မှုကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဥရောပသမဂ္ဂက ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အလားတူ ၂၀၂၄ ခုနှစ် အောက်တိုဘာ  ၃၀ ရက်ကလည်း  “၀” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင်၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်က ကုန်စုံဆိုင်တစ်ခု၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကာ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အသတ်ခံရသည့်အမှုမှ ပြစ်မှုကျူးလွန်သူကို အများပြည်သူရှေ့တွင်ပြသကာ သေဒဏ်ချမှတ်ခဲ့သည်။

ထို့အတူ UWSA အဖွဲ့သည် ဟိုပန်မြို့တွင် ဓားပြတိုက်မှုနှင့် လူသတ်မှုကျူးလွန်သူကို သေဒဏ်ချမှတ်သည့်အခမ်းအနားတွင် မုဒိမ်းမှုကျူးလွန်သူ ခြောက်ဦးကိုလည်း တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်မှုပြုလုပ်ခဲ့သည်။

“၀” အဖွဲ့အနေဖြင့် ယခင်ကလည်း ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသအတွင်း ရာဇဝတ်မှုကျူးလွန်သူများကို အများပြည်သူရှေ့တွင် ပြစ်ဒဏ်ချမှတ်ပြီးနောက် ၎င်းတို့ထိန်းချုပ်ထားသည့်မြို့များတွင် ပြစ်မှုကျူးလွန်သူများကို အများပြည်သူများအား လိုက်လံလှည့်လည်ပြသလေ့ရှိသည်ကို တွေ့ရသည်။


READ NEXT
Cancel OK