Top News

လွတ်လပ်သော လူ့အဖွဲ့အစည်း၏ သဘောတရားစည်းမျဉ်းများ
24htopnews | December 10, 2024 6:12 AM CST

လွတ်လပ်သော လူ့အဖွဲ့အစည်းတစ်ရပ်၌ သဘောတရား စည်းမျဉ်း ရှစ်ရပ် ရှိသည်။ ၎င်းတို့မှာ လူတစ်ဦးချင်းစီ လွတ်လပ်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် မိသားစုဆိုင်ရာ တာဝန်ယူမှု၊ တရားဥပဒေစိုးမိုးရေး၊ ကန့်သတ်ထားသည့် အစိုးရ၊ လွတ်လပ်သော စျေးကွက်စီးပွားရေးစနစ်၊ ပါလီမန်ဒီမိုကရေစီ၊ အားကောင်းသည့် နိုင်ငံတော်လုံခြုံရေးနှင့် မီဒီယာလွတ်လပ်ခွင့် တို့ ဖြစ်ကြသည်။

လူတစ်ဦးချင်းစီ လွတ်လပ်မှု - အခြားသူများ သို့မဟုတ် အစိုးရ၏ စွက်ဖက်နှောင့်ယှက်မှုမှ ကင်းလွတ်သည့် လွတ်လပ်မှုနှင့်ပတ်သက်သော အခွင့်အရေးဆိုင်ရာ သဘော တရားတစ်ရပ်ဖြစ်သည်။ အခြားသူများ သို့မဟုတ် အစိုးရ၏ စွက်ဖက်နှောင့် ယှက်မှုမရှိဘဲ လူတစ်ဦးချင်းစီအနေဖြင့် မိမိတို့၏ ဘဝများ၊ ရည်မှန်းချက်များကို လွတ်လပ်စွာ အကောင်အထည်ဖော်နိုင်ခွင့်ကို ရည်ညွှန်းသည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် မိသားစုဆိုင်ရာ တာဝန်ယူမှု - မိသားစုဆိုင်ရာ တာဝန်ယူမှု တွင် ဇနီး/ခင်ပွန်း၊ ရင်သွေးများနှင့် မိဘများ၊ ကိုယ်ဝန်ရှိသူများ၊ ကိုယ်ဝန်ရှိလာနိုင်သူများကို စောင့်ရှောက်ခြင်း၊ မသန်စွမ်းသည့် ကလေးများ သို့မဟုတ် ညီအစ်ကိုမောင်နှမများကို စောင့်ရှောက်ခြင်းနှင့် အသက်အရွယ်အိုမင်းသည့် မိဘများကို စောင့်ရှောက်ခြင်းတို့ ပါဝင်သည်။  ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် မိသားစုဆိုင်ရာ တာဝန်ယူမှုများအတွက် အလုပ်ရှင်များအနေဖြင့် မိမိတို့ဝန်ထမ်းများကို လုံလောက်သည့် ခွင့်ရက်များ ပေးရမည်ဖြစ်သည်။

တရားဥပဒေစိုးမိုးရေး - Oxford English Dictionary ၌ တရားဥပဒေစိုးမိုးရေး (Rule of Law) အား လူ့အဖွဲ့အစည်းအတွင်း ဥပဒေနှင့်ပတ်သက်သော လုပ်ပိုင်ခွင့်နှင့် သြဇာလွှမ်းမိုးမှု (အထူးသဖြင့် လူတစ်ဦးချင်းနှင့် အင်စတီကျူးရှင်းဆိုင်ရာ အပြုအမူအပေါ် ချုပ်ထိန်းမှုတစ်ရပ်အဖြစ်) သတ်မှတ်သည်။ ထို့ကြောင့် (အစိုးရအဖွဲ့ဝင်များအပါအဝင်) လူ့အဖွဲ့အစည်းဝင်အားလုံး လူသိရှင်ကြား ထုတ်ပြန်ထားသော ဥပဒေပုဒ်မများနှင့် ဥပဒေ လုပ်ငန်းစဉ်များကို  အညီအမျှ ခံယူရမည်ဟု သတ်မှတ်ထားသော သဘောတရားဖြစ်သည်။ တရားဥပဒေစိုးမိုးရေးဟူသည့် စကားရပ်သည် နိုင်ငံရေးအနေအထားတစ်ရပ်ကို ရည် ညွှန်းပြီး မည်သည့်သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းတစ်ရပ်ကိုမျှ ရည်ညွှန်းခြင်း မဟုတ်ပေ။

ကန့်သတ်ထားသည့် အစိုးရ - ကန့်သတ်ထားသည့် အစိုးရဟူသည် လုပ်ပိုင်ခွင့်များကို ခွဲဝေထားခြင်း၊ တစ်ခုစီ ကန့်ထားခြင်းတို့ဖြင့် ဥပဒေအရ အင်အားနှင့် အာဏာကို ကန့် သတ်ထိန်းချုပ်ခံရသည့် အစိုးရအဖွဲ့ကို ဆိုလိုသည်။ အမေရိကန်ကဲ့သို့သော နိုင်ငံများတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်ဆိုင်ရာ သဘောတရားစည်းမျဉ်းများ၊ လုပ်ဆောင်ချက်များတို့ဖြင့် အစိုးရအာဏာကို ကန့်သတ်ထားကြသည်။

လွတ်လပ်သော စျေးကွက်စီးပွားရေးစနစ် -  စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတို့အား စျေးနှုန်းသတ်မှတ်ခြင်းကို နိုင်ငံမှ လူအသီးသီး နှင့် လုပ်ငန်းများအကြား အပြန်အလှန်ဆက်ဆံမှု အစုအဝေးအားဖြင့်သာ လမ်းညွှန်သော စီးပွားရေးစနစ်ကို စျေးကွက်စီးပွားရေးစနစ်ဟု ခေါ်ဆိုသည်။ ယင်းစနစ်တွင် အစိုးရ၏ ကြားဝင်စွက်ဖက်မှု သို့မဟုတ် ဗဟိုမှ စီစဉ်ချုပ်ကိုင်မှု အလွန်နည်းပါးသည်။ ယင်းစနစ်သည် အစိုးရ၏ဆုံးဖြတ်ချက်များက နိုင်ငံ၏ စီးပွားရေးလုပ်ဆောင်များနှင့် ပတ်သက်သော မျက်နှာစာအများစုကို မောင်းနှင်သည့် ဗဟိုက ချုပ်ကိုင်စီစဉ်သော စနစ်မျိုးနှင့်ကွာခြားသည်။ လွတ်လပ်သော စျေးကွက်အကြံပေးများက ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ အကာအကွယ်ပေးထားသည့်ဝါဒ (Protectionism) နှင့် အစိုးရ၏ ကြားဝင်စွက်ဖက်မှုတို့သည် စီးပွားရေးညံ့ဖျင်းမှုများဆီသို့ ဦးတည်သွားပြီး လူထုကို ကျပ်တည်းစေလိမ့်မည်ဟု ဆိုသည်။

ပါလီမန်ဒီမိုကရေစီ - ပါလီမန်ဒီမိုကရေစီစနစ်တွင် အခြေခံအားဖြင့် လွှတ်တော် နှစ်ရပ်ရှိပြီး လွှတ်တော်အမတ်များကို ပြည်သူတို့က တိုက်ရိုက်ရွေးကောက်သည့်နည်း ဖြင့်ရွေးကောက်ကြသည်။ ဝန်ကြီးချုပ်ဖြစ်သူမှာ တိုင်းပြည်၏ အချုပ်အခြာ အာဏာတွင် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရပြီး အစိုးရအဖွဲ့၏ အကြီးအကဲ အဖြစ် တာဝန်ယူရသည်။

အားကောင်းသည့် နိုင်ငံတော်လုံခြုံရေး -  နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးတွင် နိုင်ငံသားများ၊ နိုင်ငံစီးပွားရေးနှင့်  အင်စတီကျူးရှင်းများ၏ လုံခြုံရေးတို့ ပါဝင်ပြီး နိုင်ငံတော်လုံခြုံရေးကို အစိုးရ၏ တာဝန်အဖြစ် သတ်မှတ်ထားသည်။ မူလက နိုင်ငံတော်လုံခြုံရေးကို စစ်ရေး တိုက်ခိုက်မှုများမှ ကာကွယ်ရန်ဟု မှတ်ယူခဲ့ကြသော်လည်း ယခုအခါ အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုတို့မှ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာ လုံခြုံရေး၊ စွမ်းအင်လုံခြုံရေး၊ ပတ်ဝန်းကျင် ဆိုင်ရာ လုံခြုံရေး၊ စားနပ်ရိက္ခာ လုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး အစရှိသည်တို့ အပါအဝင် စစ်ရေး မဟုတ်သည့် ဒိုင်မေးရှင်းများသို့ပါ ကျယ်ပြန့်လာကြောင်း နားလည်လာကြသည်။

မီဒီယာ လွတ်လပ်ခွင့် - စာနယ်ဇင်းလွတ်လပ်ခွင့် သို့မဟုတ် မီဒီယာ လွတ်လပ်ခွင့် ဟူသည် ပုံနှိပ် သို့မဟုတ် အီလက်ထရွန်နစ်မီဒီယာများ အထူးသဖြင့် ထုတ်ဝေဖြန့်ချိ သည့်အရာများအပါအဝင် မီဒီယာအမျိုးမျိုးမှတစ်ဆင့် ဆက်သွယ်ဖော်ပြမှုများကို လွတ် လပ်စွာ ကျင့်သုံးပိုင်ခွင့်ရှိကြောင်း သတ်မှတ်သင့်သည်ဟူသည့် သဘောတရားစည်းမျဉ်း ဖြစ်သည်။ ယင်းကဲ့သို့သော လွတ်လပ်ခွင့်အပေါ် နိုင်ငံတော်က ဝင်ရောက်စွက်ဖက် နှောင့်ယှက်မှု ကင်းမဲ့ရေးကို ရည်ညွှန်းပြီး အဆိုပါ လွတ်လပ်ခွင့်အား ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာနှင့် အခြားဥပဒေဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများမှတစ်ဆင့် ထိန်းသိမ်း ပေးရမည်ဟူ၍ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများအနေဖြင့် လွတ်လပ်သော လူ့အဖွဲ့အစည်း၏ သဘောတရားစည်းမျဉ်းများ မရှိမဖြစ် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ် ၂၅  ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)


READ NEXT
Cancel OK