Top News

သရုပ်ဆောင်ကူးကူးဇင်အောင်နှင့် တွေ့ဆုံခြင်း
24htopnews | December 8, 2024 1:12 AM CST

အနုပညာလောကထဲကို ဓာတ်ပုံမော်ဒယ်တစ်ဦးအဖြစ် စတင်ဝင်ရောက်လာခဲ့သူတစ်ဦးကတော့ ကူးကူးဇင်အောင်ပါ။ သူ့အတွက် အနုပညာလောကထဲကို ထဲထဲဝင်ဝင်ခြေချနိုင်ဖို့အတွက် အခွင့်အလမ်းကို ၂၀၁၆ ခုနှစ်မှာ Good Old Day ရုပ်ရှင်ထုတ်လုပ်ရေးကခေါ်တဲ့ သရုပ်ဆောင်သစ်အဖြစ် ပါဝင်လျှောက်ထားခဲ့ခြင်းပါ။ လျှောက်ထားသူ အယောက် ၇၀၀ ကျော်ထဲကနေ နောက်ဆုံးအဆင့်အထိ ရွေးချယ်ခံရပြီး သူရိုက်ကူးခွင့်ရခဲ့တဲ့ “သူစိမ်းအိမ်” ဇာတ်ကားကို ပရိသတ်တွေအနေနဲ့ သြဂုတ် ၁ ရက်မှာ ကြည့်ရှုခွင့်ရတော့မှာဖြစ်လို့ သူ့ရဲ့ အနုပညာကြိုးစားမှုတွေနဲ့ ရင်ခုန်သံတွေကို ရှေ့ဆက်မယ့် အနုပညာခြေလှမ်းတွေအကြောင်းနဲ့အတူ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - သူစိမ်းအိမ်ဇာတ်ကား ရိုက်ကူးဖြစ်ခဲ့တာလေးကို အရင်ပြောပြပေးပါ။

ဖြေ - ကူးတို့အနေနဲ့ ၂၀၁၆ ခုနှစ်လောက်မှာ သရုပ်ဆောင်သစ်တွေ ရွေးတော့ ဝင်လျှောက်ဖြစ်ခဲ့တယ်။ အဲဒီတုန်းက လျှောက်တဲ့လူ ၇၀၀ ကျော်ထဲကနေမှ ရွေးချယ်ခံခဲ့ရတယ်။ ဒီ “သူစိမ်းအိမ်” ဇာတ်ကားအတွက်ကတော့ ထပ်ပြီးတော့ ရွေးချယ်ခဲ့ပါတယ်။ ထုတ်လုပ်ရေးက ရွေးချယ်ထားတဲ့ သရုပ်ဆောင်သစ်တွေကို ရွေးချယ်ခံခဲ့ရပြီးကတည်းက သရုပ်ဆောင်ပိုင်းတွေကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး  ဒီဇာတ်မှာပါဝင်မယ့် ဇာတ်ကောင်တွေနဲ့ လိုက်ဖက်မှုရှိမယ့်သူတို့ ထပ်ပြီးရွေးချယ်ခဲ့တာပါ။ အဲဒီထဲမှာ ကူးက မြဆိုတဲ့ ကောင်မလေးနေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ခံခဲ့ရတာပါ။

မေး - သူစိမ်းအိမ်ဇာတ်ကားမရိုက်ခင်မှာရော အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေရှိခဲ့လဲ။

ဖြေ - ဒီဇာတ်ကားမရိုက်ခင်တုန်းကတော့ Photo Shoot လေးတွေနဲ့ အခြားစီးပွားရေး ကြော်ငြာလေးတွေလောက်ပဲ ရိုက်ကူးဖြစ်ခဲ့တာပါ။

မေး - “သူစိမ်းအိမ်” ဇာတ်ကားအတွက် ပြင်ဆင်ရတဲ့အပိုင်းတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - ဇာတ်ကားအတွက် လေ့ကျင့်ပြင်ဆင်မှုတွေအတွက် ကူးတို့အသစ်တွေချည်းပဲ သီးသန့်ခေါ်ပြီး လေ့ကျင့်ရတယ်။ ဇာတ်ကားမရိုက်ခင် နှစ်လလောက်ကတည်းက ဒီဇာတ်ကားထဲမှာ ကိုယ်ပါဝင်ရမယ့် ဇာတ်ကောင်နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိစေဖို့အတွက် ဇာတ်ညွှန်းတွေ အတူတူဖတ်ရတယ်၊ သရုပ်ဆောင်ပိုင်းအတွက် လေ့ကျင့်မှုတွေလုပ်ရတယ်။ ဇာတ်ကားရိုက်ကူးမယ့် အိမ်ထဲမှာပဲနေပြီး ဇာတ်ကားအတွက် လေ့ကျင့်မှုတွေ လုပ်ရတယ်။ ကိုယ့်အိမ်လိုရင်းနှီးနေစေဖို့အတွက် ဘယ်နေရာမှာ မီးခလုတ်ရှိတယ်ကအစ သေချာသိနေအောင် လုပ်ရတယ်။ အဲဒီလို လေ့ကျင့်မှုတွေအများကြီးလုပ်ပြီးတဲ့တော့မှ ဇာတ်ကားမှာပါဝင်ရမယ့် သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ မဖွေးတို့ အန်တီခိုင်ကြီးတို့နဲ့အတူ နောက်ထပ် ရီဟာဇယ်ဆိုပြီးတော့ ထပ်ပြီး လေ့ကျင့်ရတာတွေရှိတယ်။

မေး - ကိုယ့်ရဲ့စီနီယာကြီးတွေနဲ့အတူ ပါဝင်သရုပ်ဆောင်ရတဲ့အပေါ်မှာရော ဘယ်လိုအတွေ့ အကြုံတွေရခဲ့လဲ။

ဖြေ - ဒီဇာတ်ကားမှာ ကိုယ်လေးစားအားကျရတဲ့ အနုပညာရှင်တွေနဲ့အတူ သရုပ်ဆောင်ရမှာဖြစ်လို့ စိတ်ဖိစီးခဲ့တာလေးတွေ၊ စိတ်ပူခဲ့တာလေးတွေတော့ရှိတယ်။ ကိုယ့်ဘက်က အကောင်းဆုံးမလုပ်နိုင်မှာ စိုးတဲ့အတွက်လည်း အများကြီး ပြင်ဆင်ခဲ့ရတယ်။ ဒါပေမဲ့ ရီဟာဇယ်လုပ်တဲ့အချိန်မှာ တွေ့ခဲ့ရကတည်းက စီနီယာတွေအားလုံးက အရမ်းဖေးမခဲ့တယ်။ ရှိန်မနေရအောင် စကားတွေပြောပေးတယ်၊ ဟာသတွေပြောပေးပြီး သူတို့တစ်သားတည်းဖြစ်တဲ့စိတ်မျိုးဖြစ်အောင် ကူညီပေးခဲ့ကြတယ်။ အဲဒီအတွက်ကြောင့်လည်း သူတို့နဲ့အတူ ဇာတ်လမ်းထဲကအတိုင်း စီးမျောသရုပ်ဆောင်ဖို့အတွက် အရမ်းကိုအဆင်ပြေခဲ့ပါတယ်။ အဲဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။

မေး - မြဆိုတဲ့ ဇာတ်ကောင်နဲ့ပတ်သက်ပြီး ကိုယ့်ဘက်ကရော ဘယ်လိုတွေကြိုးစားခဲ့ရလဲ။

ဖြေ - ဒီဇာတ်ကားမှာ ကိုယ်ပါဝင်ရမယ့်ဇာတ်ကောင်ကို သိရကတည်းက ကိုယ်လုပ်နိုင်ပါ့မလားဆိုတဲ့ ကြောက်စိတ်တော့ဖြစ်မိတယ်။ ဒါပေမဲ့လည်း ဒါရိုက်တာကိုထူး (ထူးပိုင်ဇော်ဦး)ကို အရမ်းယုံကြည်တယ်။ သူက ကိုယ့်ကို သေချာသင်ပြပေးနိုင်မယ်လို့ ယုံကြည်ခဲ့တဲ့အတိုင်းလည်း ထရိန်နင်ကာလတွေမှာ လေ့ကျင့်ပြင်ဆင်ခဲ့ရတာတွေက တကယ်တမ်း ဇာတ်ကားရိုက်ကူးမယ်ဆိုတဲ့အချိန်မှာ ‘မြ’ ဆိုတဲ့ မိန်းကလေးအဖြစ် ပါဝင်ဖို့ ယုံကြည်ချက်တွေ ရှိလာတယ်။ ဇာတ်ကားမရိုက်ခင် နှစ်လလောက်ကတည်းက မြဆိုတဲ့ ကောင်မလေးတစ်ယောက်လို နေထိုင်ပြီး လေ့ကျင့်ပြင်ဆင်ခဲ့ရတဲ့တာပါ။

မေး - ဇာတ်ကားကို ကိုယ်တိုင်ပြန်ကြည့်တဲ့အချိန်မှာရော ဘယ်လိုခံစားရလဲ။

ဖြေ - ဒီဇာတ်ကားမှာပါဝင်ရုပ်ဆောင်တဲ့ ဇာတ်လမ်းကို သိပြီးတဲ့သူဖြစ်တာတောင်မှပဲ ပြန်ကြည့်ရတဲ့အချိန်မှာ ကြောက်တယ်။ နောက်ပြီး ဇာတ်ကားထဲက မြရဲ့သရုပ်ဆောင်မှုတွေအပေါ် ကိုယ်တိုင်ကျေနပ်မိတယ်။ ဒီဇာတ်ကားကို ပါဝင်ရိုက်ကူးခွင့်ရတဲ့အတွက်ရော ဒီကာရိုက်တာကို ယုံယုံကြည်ကြည်နဲ့ပေးအပ်တဲ့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့သူတွေဆီကနေလည်း ချီးကျူးခံရတဲ့အတွက် ဒီဇာတ်ကားက ကူးရဲ့ အနုပညာအတွက် အင်အားတစ်ခုပါပဲ။

မေး -“သူစိမ်းအိမ်” ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ - ဒီဇာတ်ကားက ကူးရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားပါ။ ကူး အကောင်းဆုံး ကြိုးစားထားပါတယ်။ ပရိသတ်တွေကိုလည်း လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ဇာတ်ကားကြည့်ပြီးတဲ့အခါမှာ ပရိသတ်တွေအတွက် စိတ်ကျေနပ်မှုရှိမယ့် ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဇာတ်ကားအထူးပွဲတွေမှာ ကြည့်ရတဲ့သူတွေဆီက ကောင်းတဲ့ ဝေဖန်အားပေးမှုတွေရတဲ့အတွက်လည်း ပျော်ရွှင်ရသလို ပရိသတ်တွေကြည့်ရတဲ့အခါမှာလည်း ဘယ်လိုတွေ ဝေဖန်အားပေးမှုရှိမလဲဆိုတဲ့အပေါ်မှာလည်း အရမ်းကို ရင်ခုန်နေပါတယ်။

မေး - စီစဉ်ထားတဲ့ အနုပညာခြေလှမ်းတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - အခုကတော့ Good Old Day ထုတ်လုပ်ရေးနဲ့ပဲ စာချုပ်ချုပ်ထားပါတယ်။ “လရဲ့အောက်ဘက် မိုင်အဝေးမှာ” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ နောက်ထပ်ရိုက်ကူးဖို့စီစဉ်ထားတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။                           

 


READ NEXT
Cancel OK