Top News

သရုပ်ဆောင် ခင်သဇင်ရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
24htopnews | December 7, 2024 6:13 AM CST

 

“ပညာရေးဆိုတာက လူတစ်ယောက်ရဲ့ဘဝမှာမရှိမဖြစ် Key ပါ။ ပညာဆိုတာဘွဲ့ လက်မှတ်ဆိုတာထက် ပရော်ဖက်ရှင်နယ်ကျကျ လေ့လာတတ်ကျွမ်းမှုကိုဆိုလိုတာပါ။ ပညာရေးတစ်ခုခုဖြစ်စေ၊ ကိုယ်ရွေးချယ်ရာ ပရော်ဖက်ရှင်နယ်မှာဖြစ်စေ၊ ပြင်ပဗဟုသုတဖြစ်စေ အမြဲတမ်းလေ့လာလိုက်စားနေသူရဲ့ စဉ်းစားတွေးခေါ်ဆုံးဖြတ်ချက်တွေနဲ့ လေ့လာဆည်းပူးမှုမရှိဘဲ နေသာသလိုနေတဲ့သူတွေရဲ့ ပြောပုံဆိုပုံဆုံးဖြတ်ပုံက အဆင့်ကွာခြားတယ်။ ကိုယ်ကတော့ အဆင့်အတန်းမြင့်တဲ့သူဖြစ်ချင်တယ်။ မင်းသမီးဖြစ်နေပေမယ့် သာမန်ရုပ်လှတုန်းပဲ လုပ်ခွင့်ရတယ်၊ အသက်ကြီးတာနဲ့အမျှ ဘေးမှာ ထိုင်နေရတဲ့သူမျိုး မဖြစ်ချင်ဘူး။ အသက်ကြီးလာလေ တန်ဖိုးရှိလာလေဖြစ်ချင်တာပါ” ပညာရေးနဲ့ပတ်သက်လို့ ဒီလိုခိုင်မာတဲ့ ယုံကြည်တဲ့ယုံကြည်ချက်တွေနဲ့ လေ့လာဆည်းပူးနေတဲ့ သရုပ်ဆောင်ခင်သဇင်ရဲ့ ငယ်ဘဝအမှတ်တရတချို့ကို ဖော်ပြပေးချင်ပါတယ်။

သရုပ်ဆောင်ခင်သဇင်က မန္တလေးမြို့ဇာတိဖြစ်ပြီး မွေးချင်းအစ်မတစ်ယောက်ရှိပါတယ်။ ငယ်စဉ်ကလေးဘဝတည်းက မိဘတွေပြန်ပြောလေ့ရှိတာကတော့ ထက်ထက်မြက်မြက်ရှိတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မိဘများလုပ်ကိုင်တဲ့ ရွှေခြည်ထိုးလုပ်ငန်းမှာ ငယ်စဉ်ကတည်းက စောင့်ကြည့်လေ့လာတတ်ပြီး မိဘတွေအပြင်သွားနေချိန်မှာ အလုပ်သမားတွေရဲ့ ပြုမူနေထိုင်ပုံ အလွဲတချို့ကို စောင့်ကြည့်နေတတ်ပြီး မိဘတွေပြန်ရောက်လာရင်တော့ ပြန်ပြောတတ်လေ့ရှိတယ်လို့ ခင်သဇင်ကဆိုပါတယ်။

ခင်သဇင်က ကျောင်းပညာရေးမှာတော့ တတိယတန်းအထိကို မန္တလေးမှာတက်ရောက်ခဲ့သလို စတုတ္ထတန်းနှစ်ကစလို့ ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ကျောင်းပညာရေးမှာ အသက်မပြည့်ခင် ကျောင်းကြိုတက်ခဲ့ရတာကြောင့် စာကိုလိုက်မီအောင် မနည်းကြိုးစားခဲ့ရတယ်လို့ အမှတ်တရဆိုပါတယ်။ သူများထက်ပိုပြီး ဝီရိယစိုက်မှဖြစ်မယ်ဆိုတဲ့ အသိက ငယ်စဉ်အတန်းတွေမှာကတည်းက ရခဲ့တာကြောင့် အခုချိန်ထိလည်း ပညာရေးနဲ့ပတ်သက်ရင် ဝီရိယပိုပြီး ထားဖြစ်တယ်လို့ခင်သဇင်က ဆိုပါတယ်။

အနုပညာဝါသနာ ဗီဇအနေနဲ့ကတော့ ငယ်စဉ်ကလေးဘဝကတည်းက ကျောင်းကပွဲတွေ၊ ကျောင်းကစီစဉ်ကျင်းပတဲ့ မော်ဒယ်လ်ရှိုးတွေမှာ ပါဝင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အရွယ်ရောက်လာချိန်မှာတော့ အနုပညာဝါသနာကို မိဘများက သဘောမတူခဲ့တာကြောင့် မလုပ်ဖြစ်ခဲ့ဘူးလို့လည်း အမှတ်တရ ပြောပြခဲ့ပါတယ်။ ခင်သဇင့်ဘဝအတွက် အချိုးအကွေ့တစ်ခုဖြစ်လာစေဖို့ လေယာဉ်မယ်ဝင်လုပ်ရင်းက တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်ရဲ့ “အိုးအိုး.. ဟော့တယ်” သီချင်းမှာ ပါဝင်သရုပ်ဆောင်ခွင့်ရလာတယ်လို့လည်း ဆိုပါတယ်။

“စိုင်းစိုင်းက လေယာဉ်ပေါ်မှာ မြင်ဖူးနေသလို သူ့သူငယ်ချင်းတွေနဲ့ ကိုယ့်သူငယ်ချင်းတွေက တူနေတဲ့အခါကျတော့ သီချင်းမှာ ဝင်သရုပ်ဆောင်ဖို့ပြောရင်းက အချိုးအကွေ့တစ်ခု ဖြစ်လာတာပေါ့။ အဲဒီသီချင်းလေးနဲ့ပဲ ပရိသတ်တွေက စသိသွားတယ်။ အဲဒီနောက်ကိုယ်နဲ့လိုက်ဖက်မယ့် ဓာတ်ပုံရိုက်ကူးတာတွေ၊ ဇာတ်ကားရိုက်ကူးတာတွေကို ဖြည်းဖြည်းမှန်မှန် ဆက်လုပ်ဖြစ်ပါတယ်။ သဇင်က လေယာဉ်မယ်လုပ်ကတည်းကလည်း မိန်းကလေးတွေ အများကြီး အတူလုပ်ရတဲ့အလုပ်ကို လုပ်ခဲ့တဲ့အတွက် သရုပ်ဆောင်လုပ်တော့ လူအများနဲ့ဆက်ဆံရတဲ့အခါ မခက်ခဲတော့ဘူး။ ကိုယ်တိုင်လည်း သူများကိုပြိုင်ဆိုင်တာတွေ၊ မနာလိုတာတွေ မရှိခဲ့လို့လားတော့မသိဘူး။ ကိုယ့်ကိုတိုက်ခိုက်တာ၊ အဆင်မပြေတာတွေလည်း တစ်ခါမှမကြုံခဲ့ရဘူး” လို့ ခင်သဇင်ကဆိုပါတယ်။

သရုပ်ဆောင်ခင်သဇင်က အနုပညာလောကထဲ ဖြည်းဖြည်းမှန်မှန် ခြေလှမ်းတွေနဲ့ ဆက်လျှောက်နေရင်းက တစ်ဖက်မှာလည်း ပညာကို အကျိုးရှိရှိလေ့လာဆည်းပူးနေသူဖြစ်ပါတယ်။ MBA ဘွဲ့အတွက် လေ့လာဆည်းပူးခဲ့ပြီး လက်ရှိမှာတော့ PH.D အတွက် စာတမ်းပြုစုပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်လို့ ခိုင်မာတဲ့ယုံကြည်ချက်၊ ဇွဲလုံလထားဖြစ်တာနဲ့ ပတ်သက်လို့လည်း

“ကိုယ်သွားချင်တဲ့နေရာက အသက်ကြီးလာလေ တန်ဖိုးရှိလာလေ နေရာဖြစ်တဲ့အတွက် သဇင်က ပညာကို အခုကတည်းက သူများထက်အချိန်ပိုပေးပြီး စိတ်ပင်ပန်းခံပြီးကြိုးစားနေတာပါ” လို့ ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်ခင်သဇင်က ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားတတ်သူဖြစ်ပြီး မကြာခင်က ကွယ်လွန်သွားခဲ့တဲ့ ဟာသသရုပ်ဆောင်ကစ်ကစ်ရဲ့ ကျန်းမာရေးအတွက်လည်း တာဝန်ယူစောင့်ရှောက်ခဲ့သူဖြစ်ပါတယ်။ ကျောက်ကပ်ဝေဒနာ ခံစားနေရသူအတွက် ကိုယ်တိုင်ပါဝင်လှူဒါန်းခဲ့သလို လစဉ်အလှူငွေရရှိစေဖို့လည်း ဆောင်ရွက်ပေးခဲ့သူပါ။ ကျန်းမာရေး၊ နေထိုင်ရေး တာဝန်အရပ်ရပ်ကို ကွယ်လွန်ချိန်အထိ စောင့်ရှောက်ကူညီခဲ့သူလည်း ဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းနဲ့ ပတ်သက်တဲ့ ခံယူချက်ကိုတော့ “လူဖြစ်လာတဲ့ အချိန်ခဏလေးမှာ ကိုယ့်အတွက်ပဲ စီးပွားရှာ၊ ပျော်ရွှင်၊ ဝမ်းနည်းနဲ့ သေသွားတာဆိုတော့ ဒါတွေကပါသွားမှာလည်းမဟုတ်ဘူး။ ပါသွားမှာက ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုနဲ့ ကိုယ်ဘယ်လောက် လူပီသအောင်နေခဲ့လဲဆိုတဲ့အပေါ် မူတည်တာလေ။ ကိုယ်ရှာတဲ့ပိုက်ဆံ ကိုယ်သုံးတယ်ဆိုပေမယ့် သူများအတွက်လည်း သုံးပေးရမယ်။ စိတ်ပိုင်းဆိုင်ရာမှာလည်း သူများအတွက်လည်းစာနာ ကူညီပေးရမယ်။ ဒါမှလည်း လူပီသမယ်လေ။ အဲဒီလိုသတ်မှတ်ထားလို့ မဖြစ်မနေလုပ်ရမယ့်အရာတစ်ခုလို့ သတ်မှတ်ထားပါတယ်” လို့ ဆိုပါတယ်။

သရုပ်ဆောင်ခင်သဇင်က အဆင်မပြေတဲ့ relationship တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပေမယ့် လက်ရှိမှာတော့ ကိုယ်ပိုင်အစွမ်းနဲ့ မားမားမတ်မတ်ရပ်တည်လို့ အတိတ်တွေချန်လှပ်ထားနိုင်ခဲ့သူ ဖြစ်လို့နေပါတယ်။ ဒီလိုအခြေအနေတွေ ကျော်ဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ကတော့ “အားလုံးသိတဲ့အတိုင်းပဲ သဇင့်မှာ အဆင်မပြေမှုတွေရှိခဲ့ပေမယ့် ဒါက ကံကိုယိုးမယ် ဖွဲ့မထားဘူး။ ဒီလိုအမှားမျိုးနောက် မမှားအောင်နေမယ်။ ဒီလိုအမှားမျိုးကို ပြင်ဆင်ပြီး ဒီလိုလူမျိုးကို ထပ်မရွေးဘူးဆိုရင်မမှားနိုင်တော့ဘူးဆိုတဲ့ ခွန်အားနဲ့ပဲ ဆက်လျှောက်တယ်။ အတိတ်က အတိတ်၊ အနာဂတ် က အနာဂတ်၊ ဘယ်လောက်ပဲ စိတ်ညစ်ပါစေ စာထကျက်တယ်။ အခက်အခဲဘယ်လောက်ရှိရှိ စာမေးပွဲရအောင်ဖြေတယ်။ ရှုတင်တော့ ရောက်အောင်သွားတယ်။ ဒါက သဇင် နေ့တိုင်းခံယူထားတဲ့အချက်ပါပဲ” လို့ သရုပ်ဆောင်ခင်သဇင်က အခက်အခဲတွေ ကျော်ဖြတ်ခဲ့တဲ့ ခံယူချက်ကိုလည်း ပြောပြခဲ့ပါတယ်။

      

 


READ NEXT
Cancel OK