Top News

SGA ဆု ဆန်ခါတင်စာရင်းတွင် Bombshell ဇာတ်ကား ဦးဆောင်
24htopnews | December 7, 2024 6:13 AM CST

SGA (Scree Actors Guild) ဆုအတွက် ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့သည့် ဆန်ခါတင်စာရင်းတွွင် Fox News ရုပ်သံသတင်းဌာန၌ လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရသည့် အမျိုးသမီးများကို အခြေခံရိုက်ကူးထားသည့် Bombshell ဇာတ်ကားက အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ပို့သရုပ်ဆောင်ဆုနှင့် ရုပ်ရှင်ဇာတ်ကားတစ်ကားလုံးတွင်ပါဝင်သည့် သရုပ်ဆောင်အားလုံးကိုပေးအပ်သော Outstanding Performance by a Cast ဆုအပါအဝင် ဆုလေးဆုအတွက် ဦးဆောင်ခဲ့သည်။

Fox News ကို ထူထောင်ခဲ့သည့် Roger Ailes က လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သည့် အမျိုးသမီးများကို အခြေခံရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် ချားလိစ်သီယွန်က ပင်တိုင်သတင်းတင်ဆက်သူ Megyn Kelly အဖြစ် သရုပ်ဆောင်ထားပြီး နစ်ကိုးလ်ကစ်မန်းက Fox News ၏ အစီအစဉ်တင်ဆက်သူဟောင်း Gretchen Carlson အဖြစ် သရုပ်ဆောင်ထားသည်။ Fox News ၏ အမှုဆောင်အရာရှိချုပ် Roger Ailes သည် ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် မေ ၁၈ ရက် တွင် ကွယ်လွန်ခဲ့သည်။ Bombshell ကားကို ဒီဇင်ဘာ ၁၃ ရက်တွင် အမေရိကန်ရှိ ရုပ်ရှင်ရုံများတွင် ပြသမည်ဖြစ်သည်။

Fox News သည် Bombshell ဇာတ်ကားနှင့်ပတ်သက်ပြီး မှတ်ချက်ပေးမည့်အစား ယင်းဇာတ်ကားရိုက်ကူးရာတွင် အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ ပြန်လည်စစ်ဆေးရန်အတွက် ဇာတ်ကားထုတ်လုပ်ရေးမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ၎င်းတို့ကို လာရောက်ဆက်သွယ်ခဲ့ခြင်းမရှိဟု ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Outstanding Perfprmance by a Cast ဆုအတွက် လျာထားခံရသည့် ဇာတ်ကားစာရင်းတွင် The Irishman, Once Upon a Time in Hollywood, Jojo Rabbit နှင့် တောင်ကိုရီးယားဇာတ်ကား Parasite တို့လည်း ပါဝင်ခဲ့သည်။

သရုပ်ဆောင်ဆုများကို ရွေးချယ်ချီးမြှင့်သည့် SAG ပေးပွဲသည် အော်စကာဆုပေးပွဲတွင် သရုပ်ဆောင်ဆုအတွက် အလားအလာကောင်းသူများကို ရွေးချယ်သည့်ဆုပေးပွဲတစ်ခုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် လော့စ်အိန်ဂျလိစ်၌ ပြုလုပ်မည်ဖြစ်သည်။

The Irishman ဇာတ်ကားတွင် ပါဝင်သည့် အယ်လ်ပါချီနိုနှင့် Joe Pesci တို့သည် အကောင်းဆုံး အမျိုးသားဇာတ်ပို့ သရုပ်ဆောင်ဆုအတွက် လျာထားခံခဲ့ရပြီး ရောဘတ်ဒီနီယိုက တစ်သက်တာအကောင်းဆုံး အနုပညာရှင်ဆုရရှိမည်ဖြစ်သည်။ Once Upon a Time in Hollywood ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယိုနှင့် ဘရက်ပစ်တို့သည် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုနှင့် ဇာတ်ပို့အမျိုးသားသရုပ်ဆောင်ဆုအတွက် လျာထားခံခဲ့ရသည်။

 


READ NEXT
Cancel OK