Top News

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြု
24htopnews | December 6, 2024 6:12 AM CST

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က အဆိုပါပူးပေါင်းကော်မတီ ဖွဲ့စည်းရခြင်းနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်၏ သဘောထားကို ရယူခဲ့ရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အချို့က မတ်တတ်ရပ် ကန့်ကွက်ခဲ့သည့်အပြင် ဆွေးနွေးခွင့်ပေးရန် တောင်းခံခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်နာယကက ခွင့်ပြုခဲ့ခြင်းမရှိဘဲ အဆိုအား စက်ခလုတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲများသဖြင့် အဆိုကို အတည်ပြုခဲ့သည်။

ထိုသို့ မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅၉၄ ဦးအနက် ထောက်ခံဆန္ဒမဲပေါင်း ၃၈၉ မဲ ၊ ကန့်ကွက်ဆန္ဒမဲပေါင်း ၁၉၂ မဲ ၊ ကြားနေဆန္ဒမဲပေါင်း ၃ မဲရှိခဲ့ပြီး ထောက်ခံမဲ များသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းကို အတည်ပြုကြောင်း လွှတ်တော်က ကြေညာခဲ့သည်။

အဆိုပါပူးပေါင်းကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၁၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နှစ်ဦး၊ တပ်မတော်သားကိုယ်စားလှယ်ရှစ်ဦး၊ ရခိုင်အမျိုးသားပါတီမှ နှစ်ဦး၊ ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နှစ်ဦး၊ တအောင်း (ပလောင်) အမျိုးသားပါတီမှ တစ်ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တစ်ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ တစ်ဦး၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တစ်ဦး၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ တစ်ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမှ တစ်ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တစ်ဦး၊ မွန်အမျိုးသားပါတီမှ တစ်ဦး၊ “ဝဒီမိုကရက်တစ်ပါတီမှ တစ်ဦး၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်တီမှ တစ်ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် (အမျိုးသားလွှတ်တော်)၊ ပူးပေါင်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌအပါအဝင် စုစုပေါင်း ၄၅ ဦး ပါဝင်မည် ဖြစ်သည်။

အဆိုပါပူးပေါင်းကော်မတီတွင် ပါဝင်မည့် အခြားပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ၏ အမည်စာရင်း ရရှိပြီးဖြစ်သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၏ ကိုယ်စားလှယ်ပြုပါဝင်မည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို သိရှိရခြင်း မရှိသေးပေ။


READ NEXT
Cancel OK