
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါဝင်မည့် တပ်မတော်သားကိုယ်စားလှယ်များ၏ အမည်စာရင်းကို ဖေဖော်ဝါရီ ၂၁ ရက်က ပေးခဲ့ကြောင်းနှင့် နိုင်ငံတော်၊ တိုင်းရင်းသား ပြည်သူလူထုအကျိုးစီးပွားကို ထိခိုက်နိုင်သည့် ပြင်ဆင်ချက်များကို ကန့်ကွက်သွားမည်ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။
နေပြည်တော်၌ ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က မီဒီယာများအား ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“တပ်မတော်သားကိုယ်စားလှယ်ရှစ်ဦး အမည်စာရင်းပေးလိုက်ပါပြီ။ ကျွန်တော်တို့ အမည်စာရင်း ဘာလို့ပေးလဲဆိုတော့ ပထမပိုင်းတုန်းက ကော်မတီဖွဲ့တာကို ဥပဒေနဲ့ မညီဘူးဆိုပြီးတော့ ကန့်ကွက်ခဲ့တယ်။ တကယ်လည်း လက်ရှိကျွန်တော်တို့ရဲ့ ခံယူချက်ကတော့ ကော်မတီသည် ဥပဒေနဲ့မညီဘူး။ ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ပြီးသွားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ကတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တာနဲ့အညီ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်ပါဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကော်မတီမှာ တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်ပြီးတော့မှ တက်ရောက်သွားမှာ ဖြစ်ပါတယ်။ အမည်စာရင်းပေးထားတဲ့ တပ်မတော်သားကိုယ်စားလှယ် ရှစ်ဦးအနေနဲ့လည်း ပြောဆိုဆွေးနွေးနိုင်တဲ့ တပ်မတော်သားတွေ ပေးထားပါတယ်။ ဒီမှာလည်း ကော်မတီမှာ ဆွေးနွေးတဲ့အခါမှာလည်း ကျွန်တော်တို့အနေနဲ့ကတော့ နိုင်ငံတော်နဲ့တိုင်းရင်းသား ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်လာနိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက်တွေ ဆွေးနွေးလာတယ်ဆိုရင်တော့ ကျွန်တော်တို့က ကန့်ကွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးစီးပွားကို မထိခိုက်ဘဲ အမှန်တကယ် ပြင်သင့်ကြောင်း လက်ခံပါက တပ်မတော်သားကိုယ်စားလှယ်များက ထောက်ခံသွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံ လုံး၏ တိုင်းရင်းသားပြည်သူလူထု အကျိုးစီးပွားဖြင့်ယှဉ်၍ စဉ်းစားမည်ဖြစ်ကာ လိုအပ်လျှင် လိုအပ်သလို ဝိုင်းဝန်းဆွေးနွေးခြင်းဖြင့် သဘောတူသည်ကို ဝိုင်းဝန်းထောက်ခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါဝင်မည့် တပ်မတော်သားကိုယ်စားလှယ်ရှစ်ဦးကို အမည်စာရင်း တင်သွင်းရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားပါဝင်ခြင်း ရှိ၊ မရှိအား သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ဝိုင်းဝန်းဆွေးနွေးပြီး ဆုံးဖြတ်ခြင်းဖြစ်ကြောင်း တပ်မတော်သားကိုယ်စားလှယ်က ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်ရုံး၏ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်စွဲပါ အမိန့်ကြော် ငြာစာအမှတ် ၁၅/၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အဖွဲ့ဝင်များနေရာတွင် ပြည်ခိုင်ဖြိုးပါတီမှ မိုင်းပန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆီဟူးဒွေ့၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဗိုလ်ချုပ်တင်ဆွေဝင်း၊ ဒုတိယ ဗိုလ်မှူးကြီးမျိုးထက်ဝင်း၊ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်၊ ဗိုလ်မှူးဇင်လင်းနှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်း၊ ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်၊ ဗိုလ်မှူးသိန်းလွင်ဌေး၊ ဗိုလ်မှူး ထက်လင်းတို့ ကို ထပ်မံထည့်သွင်းဖွဲ့စည်းကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ဖေဖော်ဝါရီ ၂၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၁၆/ ၂၀၁၉ ကို ထုတ်ပြန်ကြေညာခဲ့သည်။
“ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာ နိုင်ငံတစ်ခုလုံးနဲ့ သက်ဆိုင်တာလေ။ နိုင်ငံတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့အတွက်ကြောင့် ဒါကတော့ ပါရမှာပဲ။ အန်ကယ်တို့ကတော့ သဘောကျတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အားလုံးပါမှဖြစ်မှာ။ အားလုံးပါမှရမှာ။ အဲဒီတော့ အဲလိုဝင်လာတယ်ဆိုတဲ့ဥစ္စာကို အန်ကယ်တို့က Warmly Welcome ပါပဲလို့။ ကြိုဆိုပါတယ်” ဟု ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောကြားသည်။
အဆိုပါ ကော်မတီကို လွှတ်တော်တွင်းရှိ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ဖေဖော်ဝါ ရီ ၂၀ ရက်က ပြုလုပ်ခဲ့ကာ ဒုတိယအကြိမ် အစည်းအဝေးကို လာမည့်ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်