Top News

ပြည်သူလူထုနှင့် ပါတီဝင်များက ထောက်ခံလေးစားမှု မရှိတော့ပါက ပြည်သူအား အလုပ်အကျွေးပြုနိုင်သူကို သတ္တိရှိစွာ တာဝန်လွှဲပေးရန် NLD ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေး သဘာပတိ ပြောကြား
24htopnews | December 6, 2024 6:12 AM CST

ပြည်သူလူထုနှင့် ပါတီဝင်များက ထောက်ခံလေးစားမှု မရှိတော့ပါက မိမိ၏ တာဝန်မကျေပွန်မှုအား ပြန်လည်ပေးဆပ်သည့် အနေဖြင့် ပြည်သူကို အလုပ်အကျွေး ပြုနိုင်သူကို တာဝန်လွှဲပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယ ဗဟိုကော်မတီ ဒုတိအကြိမ် အစည်းအဝေး သဘာပတိ နိုင်သောင်းညွန့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့ရှိ NLD ဗဟိုဌာနချုပ်တွင် ပါတီ၏ ဒုတိယဗဟိုကော်မတီ ဒုတိအကြိမ် အစည်းအဝေး ကျင်းပစဉ် သဘာပတိဖြစ်သူ နိုင်သောင်းညွန့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မိမိတို့ကို ပြည်သူလူထုက မထောက်ခံတော့ဘူး။ သဘောမကျတော့ဘူး။ ပါတီလူထုကလည်း မိမိအပေါ် လေးစားမှု မရှိတော့ဘူး။ ယုံကြည်မှု မရှိတော့ဘူးဆိုရင် မိမိရဲ့ပေါ့ဆမှု၊ တာဝန်မကျေပွန်မှုကို ပြန်လည်ပေးဆပ်တဲ့ အနေနဲ့ သတ္တိရှိရှိ မိမိနေရာကို တခြားသင့်လျော်တဲ့သူကို တိုင်းရင်းသား ပြည်သူလူထုကြီးကို ပိုမိုအလုပ်အကျွေး ပြုနိုင်တဲ့သူကို နေရာဖယ်ပေး၊ တာဝန်လွှဲပေးဖို့ပဲ” ဟု သဘာပတိဖြစ်သူ နိုင်သောင်းညွန့်က ပြောကြားသည်။

တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ပိုမိုကောင်းမွန်၊ ပိုမိုလုံခြုံသည့်ဘဝတွင် နေထိုင်နိုင်ရေးအပေါ် သစ္စာရှိကြရန်နှင့် ကိုယ်နေရာရရေး၊ ရာထူးအာဏာ တည်မြဲရေးအတွက် တိုင်းရင်းသား ပြည်သူလူထုအပေါ် သစ္စာဖောက်သည့် လုပ်ရပ်မျိုးကို မလုပ်မိရေး အထူးသတိပြုရန် သဘာပတိက တိုက်တွန်းပြောကြားသည်။

စည်းလုံးညီညွတ်ခြင်း ဆိုသည်ကို အထူးပြောရန် မလိုအပ်သော်လည်း ပေါင်းစား၊ ပေါင်းဖားသည့် စည်းလုံးညီညွတ်ရေးမျိုး မဟုတ်ကြောင်း၊ တိုင်းရင်းသား ပြည်သူလူထု အကျိုးကို သစ္စာစောင့်သိပြီး ပြည်သူကို လျစ်လျူရှုသူတိုင်းအား ပြတ်သားစွာ ဆန့်ကျင်သည့် လုပ်ရပ်မျိုးကို လုပ်ဆောင်ရန် အခမ်းအနား သဘာပတိ မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နိုင်သောင်းညွန့်က ပြောကြားသည်။

ထို့ပြင် အကျင့်သီလ ဆိုသည်မှာ ဖြူစင်ရိုးသားသည့် အကျင့်ကို ကျင့်ကြံရန်ဖြစ်ပြီး မိမိတို့ အဖွဲ့အစည်းအတွင်း မမှန်သတင်းကို မဖြန့်ဝေမိရန်၊ မိမိခေါင်းဆောင်ကို တင်ပြသည့်အခါမှာ မိမိအုပ်စု အကျိုးအတွက် မိမိအတွက် လိမ်လည်တင်ပြခြင်းမျိုး မလုပ်မိရန်၊ မိမိတို့ခေါင်းဆောင်များ၏ သတင်းစကားများ၊ မှတ်ချက်များကို ပြန်လည်ပြောဆိုသည့် အခါတွင်လည်း တိကျစွာ ပြောဆိုဖြန့်ဝေရေး စသည့်အကျင့်တရားများကို သီလသဖွယ် စောင့်ထိန်းကျင့်ကြံရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် အခွင့်အလမ်းကောင်းတွေကို အစပျိုးပြီးပါပြီ။ ဒီအခွင့်အလမ်း ကောင်းတွေကို တိုင်းရင်းသား ပြည်သူလူထုကြီးဟာ စိတ်တိုင်းကျ ခံစား၊ စံစားနိုင်ဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးစား ကြရပါမယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်လက်အနိုင်ရဖို့ လိုအပ်ပါတယ်။ ဒီလိုအနိုင်ရဖို့ဆိုရင် ကျွန်တော်တို့ဟာ သစ္စာတရား၊ စည်းလုံးညီညွတ်ခြင်း၊ အကျင့်သီလနှင့် သတ္တိတရားတို့ကို ဆုပ်ကိုင်ထားပြီး ဆက်လက်လုပ်ကိုင်ကြဖို့ အထူးလိုအပ်ကြောင်း ပြောကြားလိုပါတယ်” ဟု သဘာပတိ နိုင်သောင်းညွန့်က ပြောကြားသည်။

ထို့အတူ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် အခြေအနေကောင်းများ ပိုမိုပီပြင်လာအောင်၊ ပိုမိုလက်တွေ့ကျလာအောင် ကြိုးပမ်းဆောင်ရွက်ရန် ၂၀၂၀ ရွေးကောက်ပွဲ ဆက်လက်အနိုင်ရရေးနှင့်  နိုင်ငံ့တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ရန် လိုအပ်ကြောင်း နိုင်သောင်းညွန့်က ပြောကြားသည်။

“နိုင်ငံ့ဝန်ထမ်းကောင်းများ၊ တိုင်းရင်းသား ပြည်သူလူထုကြီးများနှင့်အတူ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ထားတဲ့ အခြေအနေကောင်းများကို ပိုမိုပီပြင်လာအောင်၊ ပိုမိုလက်တွေ့ကျလာအောင် ကြိုးပမ်းဆောင်ရွက်နိုင်ဖို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်လက်အနိုင်ရရှိဖို့ နိုင်ငံ့တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲနှင့် တူမှာမဟုတ်ဘူးလို့ ဝေဖန်ပြောဆိုနေသူတွေ၊ ထောက်ပြနေသူတွေရဲ့ စိတ်ပူပန်မှုကို ကျွန်တော်တို့ လျစ်လျူရှုထားလို့ မရပါဘူး။ ဂရုတစိုက်နဲ့ ရှေ့ကို ဆက်လက် ချီတက်သွားရမှာ ဖြစ်ပါတယ်” ဟု သဘာပတိ နိုင်သောင်းညွန့်က ပြောကြားသည်။

NLD ပါတီ၏ ဒုတိယဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK