
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးအား ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော်အတွင်းရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပါဝင်သည့် အခန်းအလိုက် ဆွေးနွေးအကြံပြုချက်များ ပေးပို့ရန်နှင့် အစုအဖွဲ့အလိုက်၊ ပါတီအလိုက် ပြင်ဆင်သင့်သည့် အချက်များ၊ မပြင်ဆင်ချင်သည့်အချက်များအား အခန်းအလိုက်ပေးပို့ရန် သဘောတူညီချက်များအဖြစ် ရရှိခဲ့ကြောင်း သိရသည်။
ပူးပေါင်းကော်မတီ၏ လာမည့် တနင်္လာနေ့ (မတ် ၄ ရက်) တွင်ပြုလုပ်မည့် အစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) နှင့်ပတ်သက်ပြီး ပြင်ဆင်သင့်သည့် အချက်များအား အစုအဖွဲ့အလိုက်ပေးပို့ရန် တောင်းခံထားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဦးအောင်ကြည်ညွန့်က “အစည်းအဝေးကို အချိန်ဇယားအလိုက် အဓိကအားဖြင့်တော့ ပြီးသင့်တဲ့အချိန်ဇယားမှာ ဘယ်လိုသွားကြမယ်။ ဘယ်လိုလုပ်ကြမယ်ဆိုတာကို ဆွေးနွေးကြတာပါ။ အားလုံးက ကန့်ကွက်မယ့်သူမရှိဘူး။ သဘောတူကြတယ်။ အဓိကအားဖြင့်တော့ ကန့်လန့်ဖြတ်ဇယားပေါ့။ အခန်းအလိုက် သွားကြမယ့်ဟာကို ပါတီအလိုက်၊ အစုအဖွဲ့အလိုက်၊ ပြင်ချင်တဲ့အချက်တွေကို ကန့်လန့်ဖြတ်ဇယားနဲ့လုပ်ပြီးတော့ ပေးထားမယ်။ လာမယ့်တနင်္လာနေ့မှာတော့ အခန်း (၁) နဲ့ပတ်သက်ပြီးတော့ ပြင်ချင်တဲ့လူလည်း ပြင်ချင်တယ်ပေါ့။ မပြင်ချင်တဲ့လူကလည်း မပြင်ချင်ဘူးပေါ့။ မူလအတိုင်းထားမယ်ပေါ့။ ပေးချင်တဲ့အကြံဉာဏ်တွေကို အစုအဖွဲ့တွေအလိုက် ကန့်လန့်ဖြတ်ဇယားနဲ့ တနင်္လာနေ့မှာ ပေးမှာပေါ့။ အဲလိုမှာ ပေးပို့လာတဲ့ အကြံဉာဏ်တွေကို အင်္ဂါနေ့ကစပြီးတော့ ပြင်ဆင်ချင်တဲ့အပိုဒ်တွေကို ဆွေးနွေးကြမှာ။ အဲဒီနေရာမှာ တကယ့်အသေးစိတ် စကားလုံးတစ်ခုချင်းစီကို ဆွေးနွေးတာမဟုတ်ဘဲနဲ့ ဘယ်ဟာတွေကို ပြင်မယ်။ ဘယ်ဟာတွေကို မပြင်ဘူးဆိုတာ ထွက်လာမယ်။ ဘယ်အဖွဲ့အစည်းက ဘယ်ဟာတွေ မပြင်ဘူးဆိုတာတွေ ထွက်လာမှာပေါ့။ ပြင်ရင်လည်း ဘယ်လိုပြင်ကြမယ်။ ဘယ်အဖွဲ့အစည်းက ဘယ်လိုသဘောထားရှိတယ်ဆိုတာ စပြီးစုစည်းမှာပါ။ ကန့်လန့်ဖြတ်ဇယားနဲ့တင်လာတဲ့ အနေအထားပေါ်မှာ မူတည်ပြီးတော့ ပါတီအလိုက်၊ အစုအဖွဲ့အလိုက် တင်လို့ရအောင် အချိန်ပေးတဲ့သဘောဖြစ်ပါတယ်။လာမယ့်တနင်္လာနေ့ကစပြီး အခန်း (၁) ကနေ စဆွေးနွေးသွားမယ်။ အခန်းအစဉ်အလိုက်သွားမှာပါ။ တိုင်းရင်းသားပါတီတွေဆိုရင်လည်း ပါတီဌာနချုပ်ကိုပို့ပြီး ညှိနှိုင်းရမယ်ဆိုတာတွေရှိလို့ အချိန်ပေးတဲ့သဘောပါ။ အခန်း (၁) တစ်ခုတည်းအတွက်ကိုပဲ လာမယ့်တနင်္လာနေ့မှာ စမှာပါ။ တချို့တွေက ဒီထက်စောစောပြီးတယ်ဆိုရင်လည်း ကန့်လန့်ဖြတ်ဇယားကို အကုန်ဖြန့်ဝေပေးလိုက်မယ်။ လာမယ့် တနင်္လာနေ့မှာကတော့ အခန်း (၁) ပါပဲ။ အချို့က အခန်း (၂) တို့ (၃) တို့ ပြီးတယ်ဆိုရင်လည်း စုထားမယ်။ တကယ်ဆွေးနွေးမှာကတော့ အခန်း (၁) ကနေ စဆွေးနွေးသွားမယ်”ဟု ပြောကြားသည်။
ပူးပေါင်းကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးသို့ တပ်မတော်သားကိုယ်စားလှယ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ကိုယ်စားလှယ်အပါအဝင် ကိုယ်စားလှယ်များ စုံလင်စွာ တက်ရောက်ခဲ့သည်။
“ဒီထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်များအပါအဝင် လွှတ်တော်ပိတ်ရက်တွေမှာ ဆက်တိုက်လုပ်ဖို့ကိုလည်း သဘောတူတယ်။ Time Frame ကလည်း ရှိနေတာကို။ ဇူလိုင် ၁၇ ရက်မတိုင်ခင်မှာ ပြီးပြတ်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ဘယ်အခန်းဟာ လျာထားချက်ပေါ့နော်။ ဘယ်နေ့ ဘယ်ရက်မှာပြီးမယ်၊ ဘယ်နေ့ဘယ်ရက်မှာ ပြီးပြတ်အောင် ဆောင်ရွက်မယ်ဆိုတဲ့ဟာ တွေအားလုံးကို။ အားလုံးသည် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပဲ ၀ိုင်းဝန်းလုပ်မယ်။ အစည်းအဝေးပုံစံကြီးလည်း မဟုတ်ဘူး။ လွှတ်တော်ပိတ်ရက်တွေမှာဆိုရင် မနက် ၁၀ ကတည်းက စလုပ်မယ်။ နားချိန်ကိုလည်း ဘယ်အချိန်ကနေ ဘယ်အချိန်က ထမင်းစား ချိန်ဆိုပြီး အဲဒီလိုမဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ အားလုံးအဆင်ပြေမယ့်အချိန်ပေါ့” ဟု ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ အခန်း (၁) နိုင်ငံတော်အခြေခံမူများခေါင်း စဉ်အောက်တွင် ပုဒ်မပေါင်း ၄၈ ခု ပါဝင် သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်