
ဆက်သွယ်ရေးအော်ပရေတာများ၏ မလျော်မကန် ဖြတ်တောက်မှုများနှင့် ပတ်သက်ပြီး ဖိဖိစီးစီးအရေးယူဆောင်ရွက်မည့် အပိုင်းကို လျင်လျင်မြန်မြန်ဆောင်ရွက်ပေးရန်လိုကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တိုက်တွန်းပြောကြားသည်။
နေပြည်တော်၌ ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးလှမိုးမေးမြန်းသော ဆက်သွယ်ရေးသုံးစွဲ နေသူများအပေါ် စားသုံးသူအခွင့်အရေးချိုးဖောက်နေသော ဆက်သွယ်ရေးလိုင်စင်ရရှိထားသည့် ဆက်သွယ်ရေးကုမ္ပဏီများအား ပြဋ္ဌာန်းထားပြီးဖြစ်သော ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေအရလည်းကောင်း၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၊ နည်းဥပဒေအရသော်လည်းကောင်း ကြပ်မတ်စစ်ဆေး အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်းနှင့် ပတ်သက် ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယဝန်ကြီးအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခုကတော့ မလျော်မကန်ဖြတ်တောက်မှုတွေက ဖြစ်ပေါ်နေပြီဆိုတာ ပေါ်ပေါက်နေပါတယ်။ အဲဒီအတွက်ကြောင့် ဝန်ကြီးဌာန အနေနဲ့ ဒါကို ဘယ်လိုဖိဖိစီးစီး အရေးယူ ဆောင်ရွက်မယ်ဆိုတဲ့ အပိုင်းတွေလည်း အလျင်အမြန်ဆောင်ရွက်ပေးဖို့ လိုမှာဖြစ်ပါတယ်။ ဒီမေးခွန်းဟာ အားလုံးနဲ့သက်ဆိုင်တဲ့ မေးခွန်းဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။
ဆက်သွယ်ရေးအော်ပရေတာများနှင့် ပတ်သက်၍ ဆက်သွယ်ရေးဥပဒေအရ အရေးယူနိုင်သည့် အချက်သုံးချက်သာရှိပြီး တစ်အချက်သတိပေးခြင်း၊ နှစ်အချက် လိုင်စင်ကို ယာယီရပ်ဆိုင်းခြင်းနှင့် သုံးအချက် လိုင်စင်အပြီး ပိတ်သိမ်းခြင်းတို့ဖြစ်ကြောင်း နှင့် ယင်းသုံးချက်အနက် နံပါတ်နှစ်နှင့် နံပါတ်သုံးအချက်သည် ဥပဒေတွင်ပါသော်လည်း လုပ်ဆောင်၍မရသောကြောင့် ဥပဒေအား ပြင်ဆင်ရန်ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက မေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရာတွင် ပြောကြားသည်။
“ပထမတစ်ချက်က သတိပေးတယ်ဆိုတာက သူတို့အတွက် မမှုလောက်တဲ့ကိစ္စပါ။ ဒုတိယအချက် နှစ်အချက်ဖြစ်တဲ့ လိုင်စင်ကို ယာယီရပ်တယ်။ အပြီးပိတ်တယ်ဆိုတဲ့ကိစ္စက ဥပဒေမှာပါပေမယ့် တကယ်လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အော်ပရေတာတစ်ယောက်က အနည်းဆုံးအော်ပရေတာက မိုင်တဲဆို ငါးသန်းလောက်ရှိတယ်။ အော်ရီဒူးဆို ၁၀ သန်းလောက်ရှိတယ်။ အမ်ပီတီဆို ၂၁ သန်းလောက်ရှိတယ်။ တယ်လီနောဆို ၁၉ သန်းလောက်ရှိတယ်။ သူတို့ကို တစ်နာရီလေး ၁၀ မိနစ်လောက် ပိတ်လို့မရဘူး။ ပိတ်လိုက်တာနဲ့ သုံးစွဲသူတွေအားလုံးက ထိခိုက်ပါတယ်။ အဆက်အသွယ် ပြတ်သွားမှာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ နည်းဥပဒေမှာတော့ ဒဏ်ရိုက်လို့ရတယ်ဆိုပြီး ထည့်ထားတယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ ဝင်ငွေရဲ့ ငါးရာခိုင်နှုန်းအထိ ဒဏ်ရိုက်လို့ရပါတယ်ဆိုပြီး ရှိပါတယ်။ နည်းဥပဒေမှာ ဥပဒေနဲ့ ကွဲပြားစွာ ပြဋ္ဌာန်းထားတာရှိပါတယ်။ သူတို့ကိုပေးတဲ့ လိုင်စင်မှာလည်း ငါးရာခိုင်နှုန်း ဒဏ်ရိုက်လို့ရတယ်ဆိုတာ ပါတဲ့အတွက် ဒါနဲ့ ဒဏ်ရိုက်နေပါတယ်။ ဥပဒေမှာပါတဲ့ အချက်သုံးချက်မှာ နှစ်ချက်က လုပ်လို့မရတဲ့ကိစ္စ ဖြစ်နေပါတယ်။ ဒီဥပဒေကို ပြင်ဆင်ဖို့ရယ်၊ နည်းဥပဒေမှာ ပြန်လည်ပြင်ဆင်ဖို့လည်း ဆောင်ရွက်နေပါတယ်” ဟု ဒုဝန်ကြီးက ပြောကြားသည်။
ဆက်သွယ်ရေးအော်ပရေတာများက ငွေကြေးဖြတ်တောက်မှုများသည် စနစ်တကျ ဖြတ်တောက်နေသည်ဟု ခံစားရပြီး သန်း ၅၀ သော လူမျိုးမရွေး၊ ဘာသာမရွေး အဖွဲ့အစည်းမရွေး ကျောင်းသားလူငယ်မှစ၍ ခံစားနေရသည့် နစ်နာမှုဖြစ်ကာ သုံးစွဲသူများအနေဖြင့် ကြိုတင်ငွေ ထည့်သုံးခြင်းဖြစ်သောကြောင့် သုံးစွဲသူပိုင်ရှင်မရှိဘဲ ငွေကြေးကို အသိမပေးဘဲ ဖြတ်တောက်ခြင်းသည် ခိုးမှုနှင့် အလွဲသုံးစားမှုမြောက်ကြောင်း မေးခွန်းရှင် ဒေါက်တာဦးလှမိုးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်