
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုတွင် လေးလကြာ အပစ်အခတ်ရပ်စဲထားပြီး ထိုသို့သောအချိန်တွင် ရှမ်းမြောက်ဒေသ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား တိုက်ပွဲများ မဖြစ်သင့်ကြောင်း တပ်မတော်ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်တို့ ဖေဖော်ဝါရီ ၂၅ ရက် တွေ့ဆုံရာတွင် တပ်မတော်ဘက်က ပြောကြားခဲ့ပြီး ရှမ်းမြောက် ဒေသတိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယဥက္ကဋ္ဌေ (၂) ဗိုလ်ချုပ်စဝ်ခွန်ဆိုင် ဦးဆောင်သော SSPP ကိုယ်စားလှယ်တို့ နေပြည်တော်၊ ပေါင်းလောင်းရိပ်သာတွင် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ဆုံခဲ့ကြပြီး အဆိုပါ တွေ့ဆုံပွဲတွင် ရှမ်းမြောက်ဒေသတိုက်ပွဲများ နှင့်ပတ်သက်၍ တပ်မတော်၏ သဘောထားကို SSPP ပြောရေုးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တပ်မတော်သဘောထားကတော့ သူတို့ပြောတာက အပစ်ရပ်ဖို့က တပ်မတော်က လေးလအတွင်းမှာ တစ်ဖက်သတ် အပစ်ရပ်ထားတယ်။ ဒါပေမဲ့ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ကိစ္စက သိပ်မကောင်းဘူးပေါ့။ ဒါကဖြစ်လည်း မဖြစ်သင့်ပါဘူးဆိုတဲ့ သဘောကို ပြောပါတယ်။ ဒါကို အမြန်ဆုံး လျှော့ချနိုင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာကို ဆွေးနွေးချက်က ရှိပါတယ်” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောကြားသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ကျောက်မဲ၊ သီပေါ၊ နမ္မတူမြို့နယ်များတွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (SSPP/SSA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) တို့အကြားတွင် လည်းကောင်း၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် RCSS/SSA အကြားတွင်လည်းကောင်း၊ SSPP /SSA၊ TNLA ပူးပေါင်းအဖွဲ့နှင့် RCSS အကြားတွင်လည်းကောင်း မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။
“ကျွန်တော်တို့လည်း ကျွန်တော်တို့ဘက်မှာ ဒါကို မဖြစ်ချင်ပါဘူး။ မဖြစ်ချင်တဲ့အတွက် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကို ကျွန်တော်တို့ အကြိမ်ကြိမ်တောင်းဆိုတာပေါ့။ ဆွေးနွေးလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လောလောဆယ် အခြေအနေကကျတော့ နှစ်ဦးနှစ်ဖက်တွေ့ဆုံနိုင်တဲ့ အခြေအနေမျိုး ဖန်တီးနိုင်ဖို့တော့ လိုပါသေးတယ်။ ဒါကြောင့်မို့လို့ လျှော့ချဖို့ ကျွန်တော်တို့က ရှမ်းလိုရော၊ ဗမာလိုရော ထုတ်ပြန်ကြေညာချက်က ရှိပြီးသား။တွေ့ဆုံဆွေးနွေးနိုင်မယ့်နည်းလမ်းကို ကျွန်တော်တို့လည်း အမြဲတမ်း Welcome ပေါ့နော်။ဒါပေမဲ့ အခုချိန်အထိက ကျွန်တော်တို့ ပြန်တွေ့နိုင်ဖို့က အခြေအနေတစ်ခုတော့ ဖန်တီးရမှာပေါ့လေ” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောကြားခဲ့သည်။
ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းအကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံအရပ်သားများမှာ မကြာခဏ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အဆိုပါ တိုက်ပွဲများအကြား ဒေသခံအရပ်သား သေဆုံးမှုများလည်း ရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်