Top News

BTS အဖွဲ့က တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအတွက် ဒေါ်လာ ၃.၆ ဘီလျံကျော် ရှာဖွေပေးခဲ့
24htopnews | December 5, 2024 3:12 AM CST

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS က နိုင်ငံ၏ စီးပွားရေးအတွက် ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၃.၆ ဘီလျံကျော် ရှာဖွေပေးခဲ့သည်ဟု သုတေသနအဖွဲ့ Hyundai Research Institute က ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် တောင်ကိုရီးယားသို့ လာရောက်သည့် နိုင်ငံခြားခရီးသွား ၁၃ ဦး တွင် တစ်ဦးနှုန်းသည် BTS အဖွဲ့ဝင်များကြောင့် လာရောက်ခြင်းဖြစ်သည်ဟု Hyundai Research Institute က ထုတ်ပြန်ခဲ့သည်။

ရုပ်ဖြောင့်သည့်အပြင် တိကျသည့် ကကွက်များကြောင့် ထင်ရှားသည့်(Bangtan Sonyeondan) ၏ အတိုကောက်ဖြစ်သော BTS အဖွဲ့သည် အချိန်တိုအတွင်း ကိုရီးယား၏ အထင်ရှားဆုံးနှင့် တန်ဖိုးအရှိဆုံး ဂီတဆိုင်ရာ ပို့ကုန်များထဲတွင် ပါဝင်လာခဲ့သည်။

အဆိုတော်ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည့် BTS အဖွဲ့သည် ယခုနှစ်အစောပိုင်းတွင် အမေရိကန်သီချင်း ရောင်းချမှုစာရင်း၏ ထိပ်တန်းနေရာ၌ ဖော်ပြခံရသည့် ပထမဆုံး ကေပေါ့ပ်အဖွဲ့ ဖြစ်လာခဲ့သည်။ ယင်းသို့ ဖော်ပြခံရမှုကြောင့် ပြည်ပတွင် ကိုရီးယားထုတ်ကုန်များ၏ အမှတ်တံဆိပ် ပုံရိပ်မြင့်တက်လာစေရန် အထောက်အကူ ပြုခဲ့သည် ဟုလည်း Hyundai Research Institute က ဆိုသည်။

BTS အဖွဲ့နှင့် ဆက်နွှယ်သော လုပ်ငန်းများမှ ရရှိသည့် စုစုပေါင်း စီးပွားရေးတန်ဖိုးသည် ဒေါ်လာ ၃.၆၃ ဘီလျံ ရှိခဲ့ပြီး အလယ်အလတ်စား ကိုရီးယားကုမ္ပဏီ ၂၆ ခု၏ ဝင်ငွေနှင့် ညီမျှကြောင်း Hyundai Research Institute မှ ပညာရှင်များက ပြောကြားခဲ့ သည်။

BTS အဖွဲ့ကြောင့် ၂၀၁၇ ခုနှစ်တွင် ခရီးသွား ၈၀၀, ၀၀၀ ခန့်က ကိုရီးယားကို လာရောက်ရန် ရွေးချယ်ခဲ့ကြောင်း၊ ယင်းအရေအတွက်သည် စုစုပေါင်း ခရီးသွား၏ ခုနစ်ရာခိုင်နှုန်းကျော် ရှိကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ BTS အဖွဲ့နှင့် ဆက်စပ်သည့် အဝတ်အစားများ၊ အလှကုန်ပစ္စည်းနှင့် စားသောက်ကုန်ကဲ့သို့သော လူသုံးကုန်၊ စားသုံးကုန်များကို တင်ပို့ရာတွင် ဒေါ်လာ တစ်ဘီလျံကျော် ရရှိခဲ့သည်ဟုလည်း သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့သည်။

BTS အဖွဲ့သည် အောင်မြင်မှုကို ထိန်းထားနိုင်မည်ဆိုပါက လာမည့် ဆယ်စုနှစ်ကျော်အတွင်း ဒေါ်လာ ၃၇ ဘီလျံကျော် ရှာဖွေပေးနိုင်လိမ့်မည်ဟု Hyundai Research Institute က ခန့်မှန်းခဲ့သည်။


READ NEXT
Cancel OK