Top News

Forbes မဂ္ဂဇင်း၏ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး အဆိုတော်စာရင်းတွင် ရီဟားနား ဦးဆောင်
24htopnews | December 3, 2024 11:12 PM CST

အဆိုတော်၊ အလှပြင်ပစ္စည်း ထုတ်လုပ်သည့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်၊ အမျိုးသမီး အတွင်းခံဒီဇိုင်နာနှင့် ထိပ်တန်း ဖက်ရှင်ကုမ္ပဏီတစ်ခုကို ဦးဆောင်မည့် ပထမဆုံး လူမည်းအမျိုးသမီးဖြစ်သည့် ရီဟားနားသည် ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၆၀၀ ဖြင့် ကမ္ဘာ့ အချမ်းသာဆုံး အမျိုးသမီးအဆိုတော် ဖြစ်လာပြီဟု Forbes မဂ္ဂဇင်းက ဇွန် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရီဟားနားသည် ၂၀၁၇ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သော Fenty Beauty အမှတ်တံဆိပ် အလှပြင်ပစ္စည်းများကြောင့်  ပိုင်ဆိုင်မှု သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ၎င်း၏ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်တွင် ဝင်ငွေ ဒေါ်လာ သန်း ၅၇၀ ခန့် ရရှိခဲ့သည်ဟု Forbes က ထုတ်ပြန်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် ဂီတလောကသို့ ဝင်ရောက်ခဲ့သည့် ရီဟားနားသည် ဝင်ငွေအများစုကို ကမ္ဘာလှည့်ဖျော်ဖြေမှုနှင့် အယ်လ်ဘမ်ဖြန့်ချိမှုအပြင်   Savage X Fenty အမျိုးသမီး အတွင်းခံအမှတ်တံဆိပ်တို့မှလည်း ဝင်ငွေရရှိခဲ့သည်ဟု Forbes က ထုတ်ပြန်ခဲ့သည်။

ရီဟားနားသည် ပါရီအခြေစိုက်ဖက်ရှင် အမှတ်တံဆိပ်တစ်ခုထုတ်လုပ်ရန် ယခုနှစ် မေတွင် LVMH ကော်ပိုရေးရှင်းနှင့်ပူးပေါင်းခဲ့ပြီး အဝတ်အထည်များ၊ ဖိနပ်များနှင့် အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်မည်ဖြစ် သည်။ New York Times Style ကဏ္ဍတွင် ဖော်ပြချက်အရ ရီဟားနားသည် LVMH တွင် ပင်ကိုယ်အမှတ်တံဆိပ်တစ်ခုကို တီထွင်ဖန်တီးမည့် ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်သည်ဟု သိရသည်။

“ကျွန်မက လူငယ်တွေရဲ့ အတွေး အခေါ်တွေနဲ့ ကာယ ဉာဏ စွမ်းအားတွေ အားလုံးကို လက်ခံသဘောကျတဲ့ လူငယ် လူမည်းအမျိုးသမီးတစ်ဦးပါ” ဟု အသက် ၃၁ နှစ်အရွယ်ရှိ ရီဟားနားက ပါရီတွင် ပြောကြားခဲ့သည်။

စျေးကြီးသည့် ဖက်ရှင်အမှတ်တံဆိပ် လုပ်ငန်းသို့ ဝင်ရောက်လာမှုအပြင် ရီဟားက ယခုနှစ်တွင် အယ်လ်ဘမ်သစ်တစ်ခု ဖြန့်ချိရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့သည်။

Forbes ၏ ဝင်ငွေအများဆုံးရ အမျိုးသမီးအဆိုတော်စာရင်းတွင်  မက်ဒေါနားက ဒေါ်လာ သန်း ၅၇၀၊ စလင်းဒီယွန်းက ဒေါ်လာသန်း ၄၅၀၊ ဘီယွန်းစေးက ဒေါ်လာ သန်း ၄၀၀ တို့ ဖြင့် အစဉ်လိုက် ဖော်ပြခံခဲ့ရသည်။


READ NEXT
Cancel OK