Top News

ခရီးသွားခြင်းအနုပညာနဲ့အတူ ပရိသတ်ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ Travel Blogger အိမ့်ချစ်ချော (Travel Kueen)ရဲ့ ငယ်ဘဝအမှတ်တရဖြတ်သန်းရာ
24htopnews | December 3, 2024 11:12 PM CST

ကမ္ဘာကြီးအကြောင်းကို စူးစမ်းလေ့လာဖို့၊ စိတ်မွန်းကျပ်မှုတွေကို ထွက်ပေါက်ပေးအပန်းဖြေဖို့၊ ဒေသန္တရဗဟုသုတရှာမှီးဖို့စတဲ့ ခေါင်းစဉ်ပေါင်းများစွာနဲ့ ခရီးသွားခြင်းဆိုတဲ့အကြောင်းအရာက လူတိုင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကို ရောက်လာပါတယ်။ ဒီလိုခရီးသွားဝါသနာရှင်တွေအတွက် ကိုယ်ရွေးချယ်ထားတဲ့ ခရီးစဉ်တစ်ခုကို ကြိုတင်လေ့လာနိုင်ဖို့ Travel Blogger တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလို့လာပါတယ်။ လူငယ်တစ်ယောက်ရဲ့အတွေးအမြင်၊ ခရီးစဉ်တစ်ခုတိုင်းစီမှာ စေတနာပါတဲ့ ဝေမျှလိုစိတ်၊ လှပတဲ့နေရာရှုခင်းတွေကို ထင်ရှားတဲ့ပုံဖော်မှုတွေနဲ့ တင်ဆက်တတ်သူက Travek Kueen လို့ နာမည်ပေးထားတဲ့ အိမ့်ချစ်ချောဖြစ်ပါတယ်။ တေးသံရှင်နေဝင်းရဲ့ချစ်သူအဖြစ် ပရိသတ်တွေသိထားကြသလို ထက်မြက်တဲ့ Travel Blogger အဖြစ် ပရိသတ်သိထားတဲ့ အိမ့်ချစ်ချောရဲ့ ငယ်စဉ်က အမှတ်တရတချို့ကို မျှပေးချင်ပါတယ်။

အိမ့်ချစ်ချောက ဘားအံမြို့ဇာတိဖြစ်ပြီး သြဂုတ် ၁၂ ရက်မှာမွေးဖွားခဲ့သူပါ။ မွေးချင်းလေးယောက်ရှိတဲ့အနက် ဒုတိယမြောက်သမီးဖြစ်ပါတယ်။ ငယ်စဉ်အမှတ်တရအနေနဲ့တော့ ဖခင်ဖြစ်သူက အစိုးရဝန်ထမ်းဖြစ်လို့ ခဏခဏ မြို့တွေပြောင်းရွှေ့ နေထိုင်ရတာပါလို့ဆိုပါတယ်။ ငယ်စဉ်ကက လေးတစ်ယောက်အနေနဲ့ အရမ်းကစားမက်တဲ့သူလည်းမဟုတ်သလို အရမ်းအနေအေးတဲ့သူလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

ငယ်စဉ်ဘဝမှာ မိဘတွေနဲ့အတူ အိမ်တွေ ခဏခဏ ပြောင်းရွှေ့ရတာကြောင့် ပျော်ရွှင်တတ်သလို အိမ်ပြောင်းရမယ်ဆိုရင် ပျော်နေတတ်တယ်လို့ ဆိုပါ တယ်။ တစ်မြို့ပြီးတစ်မြို့ မကြာခဏ ပြောင်းရတိုင်းမှာလည်း အရမ်းပျော်တတ်တာ ကြောင့်ခရီးသွားတာကို ငယ်စဉ်ကတည်းက နှစ်ခြိုက်ခဲ့တယ်လို့ဆို ရပါမယ်လို့ဆိုပါတယ်။

“ချောက ခရီးသွားရတာကို ကြိုက်တယ်။ အသက် ၂၀ ကျော်လောက် ရောက်လာတဲ့အခါ ကိုယ်ခရီးသွားတာကို ဘယ်လောက်ကြိုက်တယ်ဆိုတာကို ပိုသိလာတယ်။ အစကတော့ Travel Blogger အနေနဲ့ စလုပ်မယ်ဆိုပြီး စဉ်းစားခဲ့တာတော့ မဟုတ်ဘူး။ ခရီးသွားတာကိုပဲ Sharing လုပ်မယ်၊ ခရီးသွားတဲ့ အတွေ့အကြုံလေးတွေ ရေးမယ်ဆိုတဲ့ အတွေးနဲ့စဖြစ်ခဲ့တာပါ” လို့ အိမ့်ချစ်ချောက ဆိုပါတယ်။

Travel Blogger အနေနဲ့ စပြီးမလုပ်ဖြစ်ခင်မှာ အရင်ကတည်းက စာဖတ်တာ ၀ါသနာပါလို့ စာတွေ အရမ်းဖတ်ဖြစ်သလို စာအရေးအသား၊ အဖြတ်အတောက်တွေ၊ စာလုံးပေါင်းသတ်ပုံတွေက လေ့လာပြီးသား ဖြစ်နေတယ်။ တခြားသူ အလွယ်တကူ လေ့လာနိုင်အောင် ရှင်းပြတဲ့နေရာမှာလည်း အရမ်းတော့ အခက်အခဲမရှိခဲ့ဘူးလို့ အတွေ့အကြုံကို ရှင်းပြခဲ့ပါတယ်။

အခက်အခဲတွေအနေနဲ့ အများကြီးရှိခဲ့သလို Blogger တွေကို ပရိသတ်အသိအမှတ်ပြုက နည်းပါးသေးတာကြောင့် အများကြီး ရုန်းကန်ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ ပရိသတ်အာရုံစိုက်မိမှုက နည်းပါးသေးတာကြောင့် ကိုယ့်ဘာသာ အိတ်စိုက်ပြီးသွားခဲ့ရတာတွေရှိသလို ကိုယ်ဝေမျှခဲ့တုန်းက ခရီးစဉ်အကြောင်းက အဆင်ပြေပေမယ့် တကယ်သွားကြလို့ လူများသွားတဲ့အခါမျိုးမှာ အဆင်မပြေမှုတွေရှိတာလည်း ကြားခဲ့ရတယ်လို့ အိမ့်ချစ်ချောက ဆိုပါတယ်။ ဒီလို Feefback တွေ ပြန်ကြားရတာမျိုးမှာတော့ ဝမ်းနည်းရတာ စိတ်မကောင်းဖြစ်ရတာတွေလည်း ရှိခဲ့ဖူးတယ်လို့ ပြောပြခဲ့ပါတယ်။ ဒီလိုအတွေ့အကြုံတွေကနေပဲ သင်ခန်းစာတွေ အများကြီးရခဲ့တယ်လို့ အိမ့်ချစ်ချောက ဆိုပါတယ်။

ချစ်သူဖြစ်တဲ့တေးသံရှင်နေဝင်းနဲ့ Relationshipနဲ့ပတ်သက်လို့ “ကိုနေဝင်းနဲ့ ချောတို့က Facebook မပေါ်ခင် သုံးကြတဲ့ Fanstar ပေါ်မှာ တွေ့ခဲ့တာပါ။ အပြင်မှာဆိုရင်တော့ မြရိပ်ညိုရှိုးမှာတွေ့ခဲ့တာ။ သူလည်း အဆိုတော်မဖြစ်သေးဘူး။ ချောလည်း Travel Blogger မဟုတ်သေးဘူးပေါ့။ အဲဒီမှာ ပထမဆုံးတွေ့ခဲ့တာပေါ့။ Relationship တစ်ခုမှာ အရေးကြီးဆုံးကတော့ နားလည်မှုပေါ့။ သူဖြစ်ချင်တဲ့စိတ်၊ သူဂီတကို ဘယ်လောက်ရူးသွပ်တယ်ဆိုတာ မြင်ရတော့ သူဖြစ်ချင်တာကို တတ်နိုင်သလောက် ကူညီပေးသလို ချောရဲ့ Travel Blogger အလုပ်မှာလည်း သူကတတ်နိုင်သလောက် ကူညီပေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် သူဘာဖြစ်ချင်တယ်ဆိုတာ သိတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားတယ်၊ တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ပေါ့။ အဲဒါတွေနဲ့ပဲ သွားနေတာပါ” လို့ ဆိုပါတယ်။

အလုပ်နဲ့ပတ်သက်လို့တော့ ကိုယ်တကယ်ဝါသနာပါလို့ လုပ်ရတဲ့အလုပ်ဖြစ်သလို တာဝန်တစ်ခုအနေနဲ့ လုပ်ရတာမျိုးမဟုတ်တဲ့အတွက် ပိုပြီးကြိုးစားသလို ပြန်ပြီး Sharing လုပ်ရတဲ့ အလုပ်ဖြစ်တာကြောင့်လည်း တခြားသူတွေအတွက် အကျိုးရှိစေချင်တဲ့ စိတ်မျိုးလည်း အမြဲထားထားတယ်။ ကိုယ်ကြုံရတဲ့ အခက်အခဲမျိုး တခြားသူတွေသွားတဲ့အခါ မကြုံရအောင် တတ်နိုင်သလောက် ကူညီသလို ဖြစ်အောင်စဉ်းစားပေးတယ်၊ ကိုယ်ဖန်တီးလိုက်တဲ့ မျှဝေလိုက်တဲ့ အကြောင်းအရာတိုင်းမှာ ကြည့်လိုက်ရတဲ့သူအတွက် တန်ဖိုးရှိအောင် စေတနာထားပါတယ်လို့ ဆိုပါတယ်။

   အိမ့်ချစ်ချောက မကြာမီက ပြုလုပ်ခဲ့တဲ့ Myanmar Influence Award မှာလည်း ဆုရရှိခဲ့ပါတယ်။ ဆုရရှိတဲ့အတွက် အရမ်းပျောရသလို တစ်နှစ်တာလုံးလုပ်ဆောင်ခဲ့တာကို အသိအမှတ်ပြုပေးတဲ့ ဆုလည်းဖြစ်တာကြောင့် ပိုပြီးပျော်ရပါတယ်လို့ဆိုပါတယ်။

“ Travel Kueen Page ကို စလုပ်ကတည်းက ပြည်တွင်းခရီးသွားကို တိုးတက်စေချင်တဲ့ ရည်ရွယ်ချက်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင်းက နေရာတွေကို Promote လုပ်ပါတယ်။ မရောက်ဖူးတဲ့ ပြည်ပနိုင်ငံတွေကိုလည်း သွားဖို့ရှိပါတယ်။ မြန်မာနိုင်ငံတွင်းက မရောက်ဖူးတဲ့ နေရာတွေ၊ လူအများသိပ်မသိသေးတဲ့ နေရာတွေ၊ တန်ဖိုးထားစရာ လက်မှုလုပ်ငန်းတွေကို ပိုပြီး Promite လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အခုတစ်ပတ်ဖတ်ရှုခဲ့ကြ ရတာကတော့ တေးသံရှင်နေဝင်းရဲ့ချစ်သူ Travel Blogger မလေး အိမ့်ချစ်ချောပြောပြတဲ့ ငယ်စဉ်က အမှတ်တရတွေဖြစ်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ထင်ရှားသူတွေ ပြောပြတဲ့ အမှတ်တရပုံရိပ်တချို့ကို မျှဝေသွားပါမယ်။

 


READ NEXT
Cancel OK