Top News

မင်းသားဖိုးချစ်နှင့် တွေ့ဆုံခြင်း
24htopnews | December 3, 2024 9:12 AM CST

မြန်မာ့ဇာသဘင်လောကမှာ အောင်မြင်မှုတွေများစွာရရှိထားတဲ့ အနုပညာရှင်တစ်ဦးကတော့ မင်းသားဖိုးချစ်ပါ။ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသလို သဘင့်လောကအတွက်လည်း တာဝန်တွေထမ်းဆောင်ရင်း သူ့ပရိသတ်တွေအတွက်လည်း ဖျော်ဖြေမှုတွေကို အဆက်မပြတ်ကြိုးစားနေတဲ့ ဖိုးချစ်နဲ့ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး  ဇာတ်သဘင်ဖျော်ဖြေမှုတွေကို အခုလက်ရှိမှာ ဘယ်လိုပုံစံမျိုးနဲ့ ဆက်ပြီးလုပ်ဖြစ်နေလဲ။

ဖြေ ■  ကျွန်တော့်အနေနဲ့ Facebook မှာ သီးသန့် Group လေးလုပ်ပြီး အခကြေးငွေနဲ့ ဖျော်ဖြေမှုတွေကို သုံးလတင်ဆက်ခဲ့ပြီးပါပြီ။ သီးခြား အွန်လိုင်းတင်ဆက်မှုတွေကိုလည်း ပရိသတ်တွေ အခမဲ့ကြည့်နိုင်တဲ့ပုံစံမျိုးနဲ့လည်း တင်ဆက်တာတွေလုပ်ဖြစ်နေပါတယ်။ ဒီဇင်ဘာ ပထမပတ်ကစပြီး အရင်က Member ကြေးသွင်းပြီး သုံးလကြည့်ရှုတဲ့ပုံစံကိုပဲ Member ကြေး ၅၀၀၀ ပေးသွင်းပြီး တစ်လတာအတွင်း ဖျော်ဖြေမှုတွေကို ကြည့်ရှုနိုင်တဲ့ ပုံစံလေးပြောင်းလဲထားပါတယ်။

မေး  သဘင့်သက်ကြီးပူဇော်ပွဲအတွက်ရော ဘာတွေပြင်ဆင်ထားလဲ။

ဖြေ ■  ကျွန်တော်တို့အနေနဲ့ သဘင့်သက်ကြီးပူဇော်ပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့မှာ ကျင်းပဖို့အတွက် အစည်းအဝေး ပြုလုပ်ပြီး လျာထားပါတယ်။ ဒီသက်ကြီးပူဇော်ပွဲကိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ကနေပဲ ဦးဆောင်ကျင်းပမှာပါ။ အဘိုး အဘွားတွေကို အိမ်တိုင်ရာရောက် ကန်တော့ပစ္စည်းတွေ ဘယ်လိုပေးအပ်နိုင်မလဲ ဘယ်လိုတွေ ရန်ပုံငွေရှာကြမလဲ ဆိုတာတွေလည်း တိုင်ပင်ထားပါတယ်။ လောလောဆယ်တော့ သဘင်သက် ကြီးပူဇော်ပွဲအတွက် အလှူခံတာတွေ လုပ်နေပါတယ်။ ထည့်ဝင်လှူဒါန်းတဲ့ အလှူရှင်တွေလည်းရှိနေပါပြီ။ ကျွန်တော့်အနေနဲ့ ကန်တော့ခံသက်ကြီး ၈၅၀ လောက်ကို ကန်တော့ရမှာပါ။ အဲဒီအတွက် အလှူငွေ၊ ရန်ပုံငွေတွေ မလောက်ရင်တော့လည်း အဲဒီကျမှ တခြားဘယ်လိုနည်းနဲ့ ရန်ပုံငွေရှာဖွေမလဲ စဉ်းစားရမှာပါ။

မေး  အခြားသဘင်ပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေကိုလည်း ဖိုးချစ်ရဲ့ Facebook Page မှာတင်ဖို့ စီစဉ်နေတဲ့အကြောင်းလေးလည်း ပြောပါပေးပါဦး။

ဖြေ ■  အဲဒါကတော့ ကျွန်တော်ဆိုရင် ကျွန်တော့်ရဲ့ Page ကနေတင်ဆက်တာတွေရှိသလို Channel တွေကနေ တင်ဆက်ဖြစ်တာတွေလည်းရှိတယ်။ နောက်ပြီး နည်းပညာဇာတ်ခုံဆိုပြီးတော့လည်း Member ကြေးနဲ့ တင်ဆက်တာမျိုးတွေလည်းရှိသလို စပွန်ဆာကြောင့် အခမဲ့ တင်ဆက်ကပြတဲ့ ပွဲတွေလည်းရှိတယ်။ ဒါပေမဲ့လည်း နယ်တွေမှာရှိကြတဲ့ သဘင်အနုပညာရှင်တွေအတွက်ကျတော့ အဲဒီလိုတွေလုပ်နိုင်ဖို့ ခက်ခဲပါတယ်။ နောက်ပြီး သူတို့အနေနဲ့ ဒီအချိန်မှာ အနုပညာအလုပ်တွေလည်း မလုပ်ရဘူးဆိုတော့ သူတို့တွေအတွက် အခုလိုအချိန်ကာလမျိုးမှာ ငွေရေးကြေးရေးဆိုတာထက် အနုပညာသမားကအနုပညာ အလုပ်လုပ်နေရမှ ပိုနေလို့ကောင်းတာမျိုးကို အဲဒီအတွက် သူတို့ရဲ့တင်ဆက်မှုတွေကို အဆက်မပြတ်လုပ်နိုင်ဖို့ ကျွန်တော်တို့က ဒီဘက်ကနေ တတ်အားသမျှအနုပညာကြေးပေးပြီး ပြန်လည်တင်ဆက်မှုလေးတွေလုပ်ပေးဖို့ စီစဉ်တာပါ။ လောလောဆယ်တော့ သူတို့ရဲ့ တင်ဆက်မှုတွေကို ကျွန်တော့်ရဲ့ Facebook Page မှာပဲ တင်မယ်။ သဘင်ဖျော်ဖြေမှုတွေရဲ့ သဘောသဘာဝကိုအဓိက ပြချင်တာဖြစ်တဲ့အတွက် ဖုန်းနဲ့ပဲ ရိုက်ထားတာမျိုးတွေလည်း ပါမှာပေါ့။

မေး  ဒီဇင်ဘာ ၃၁ ရက်ညမှာ Channel K ကနေ တင်ဆက်မယ့် ဖျော်ဖြေပွဲလေးအကြောင်းလည်း ပြောပြပေးပါဦး။

ဖြေ ■  ကျွန်တော့်အနေနဲ့ကတော့ ဒီနှစ်မှာ ထူးထူးခြားခြားလေးအနေနဲ့ နှစ်သစ်ကူးချိန်မှာ မြန်မာဇာတ်သဘင် ဖျော်ဖြေရေးတွေနဲ့ ကုန်ဆုံးဖို့စီစဉ်ထားပါတယ်။ ကျွန်တော့်တို့ ဖိုးချစ်ဇာတ်သဘင်အဖွဲ့ရဲ့ New Year ညဖျော်ဖြေပွဲကို Channel K ရုပ်သံလိုင်းမှာ တင်ဆက်ပြသဖို့ စီစဉ်ထားပါတယ်။ အဲဒီပွဲမှာတော့ ပုံမှန်ဇာတ်သဘင်ဖျော်ဖြေမှု အစီအစဉ်တွေအတိုင်းပဲ ပုံမှန်အပြင်မှာ ဇာတ်ကနေတဲ့ ပွဲချိန်အတိုင်းပဲ ကပြဖို့ စီစဉ်ထားပါတယ်။ ဒီပွဲမှာ ထူးထူးခြားခြားအနေနဲ့ ဆရာမြို့တော်မောင်ရင်အောင်ရဲ့ ပြဇာတ်နဲ့ အော်ပရာတွေကို ထည့်သွင်းတင်ဆက်ဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး အဲဒီနေ့အစီအစဉ်ကို ကျွန်တော် အသစ်စီစဉ်ထားတဲ့ ဇာတ်ရုံထဲမှာ တင်ဆက်မှာဖြစ်ပြီး Live ထုတ်လွှင့်တင်ဆက်သွားမှာပါ။

မေး  လက်တလောမှာ သဘင်ဖျော်ဖြေမှုတွေနဲ့ ပတ်သက်ပြီး ဘာတွေပြင်ဆင်ထားတာရောရှိမလဲ။

ဖြေ ■  အခုအချိန်ကတော့ သဘင်ဖျော်ဖြေမှုတွေအနေနဲ့ကလည်း အွန်လိုင်းကနေ တင်ဆက်မှုတွေပဲ ပြုလုပ်နိုင်ဦးမှာပါ။ အဲဒီလိုအနေအထားမျိုးမှာ အွန်လိုင်းကနေပဲ တင်ဆက်မှုတွေလုပ်နေတာ ဖြစ်သလို သဘင် App ကိုလည်း ကျွန်တော်လုပ်နေတာ ပြီးပါတော့မယ်။ အဲဒီ App ပြီးသွားရင်တော့ ဖျော်ဖြေတင်ဆက်မှုတွေကို အဲဒီ App မှာပဲကြည့်ရှုနိုင်အောင် စီစဉ်ထားပါတယ်။

မေး  သဘင် App လေးလုပ်ဖြစ်တဲ့အကြောင်းလေးနဲ့ ဘယ်လိုတွေပါဝင်မလဲဆိုတာလေးတွေလည်း ပြောပြပေးပါဦး။

ဖြေ ■  ကျွန်တော့်အနေနဲ့ ဒီ App လေးကို စီစဉ်နေတာကြာပါပြီ။ အခုလက်ရှိမှာ အပြီးသတ် ပြီးစီးတော့မယ့် အနေအထားရောက်နေပါပြီ။ မကြာခင်မှာ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးနိုင်မှာပါ။ လုပ်ဖြစ်တာကတော့ သဘင်နဲ့ပတ်သက်ပြီး ပြည်တွင်းကလူတွေတင်မဟုတ်ပဲ နိုင်ငံတကာက လူတွေလည်း လေ့လာကြည့်ရှုနိုင်မယ့် နေရာတစ်ခုဖြစ်စေချင်တယ်။ အဲဒီလိုလည်း မရှိသေးတာဖြစ်တဲ့အတွက်လည်း ဒီ App လေးကို စီစဉ်ဖြစ်တာပါ။ ဒီ App လေးကို Phoe Chit Thabin Application လို့ နာမည်ပေးထားပါတယ်။ ဒီ App လေးမှာ သဘင်နဲ့ပတ်သက်တာတွေတင်မဟုတ်ဘဲ ဆိုင်း၊ အဆို၊ အက၊ ရုပ်သေး စသည်ဖြင့် သဘင်နဲ့ပတ်သက်တဲ့ တင်ဆက်မှုတွေ၊ လေ့လာနိုင်မယ့်အကြောင်းအရာတွေ မြန်မာ့ရိုးရာတူရိယာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပြင် အဲဒါတွေကို ဝယ်ယူနိုင်မယ့်နေရာတွေစသည်ဖြင့် အစုံပါဝင်မှာပါ။ နောက်ပြီး သဘင့်စာကြည့်တိုက်ကိုလည်း ထည့်သွင်းထားဖို့ စီစဉ်ထားပါတယ်။ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့တင်ဆက်မှုတွေတင်မဟုတ်ဘဲ တခြားအနုပညာရှင်တွေရဲ့ တင်ဆက်မှုတွေကိုလည်း ဝယ်ယူပြီး ဒီ App မှာ တင်ဆက်ပေးသွားဖို့ စီစဉ်ထားပါတယ်။

မေး Phoe Chit Thabin App က ဘယ်လောက်အထိ ပြီးနေပြီလဲ။

ဖြေ ■  App က အားလုံးပြီးနေပါပြီ။ ကျွန်တော်တို့အနေနဲ့ စမ်းသပ်အသုံးပြုတာတွေ လုပ်နေပါတယ်။ နောက်ပိုင်းမှာ အများပြည်သူအသုံးပြုတဲ့အခါ Error တက်တာတွေ၊ အဆင်မပြေတာမျိုးမဖြစ်စေဖို့ သေချာပြင်ဆင်နေပါတယ်။ နောက်ပြီး ငွေပေးချေမှုအတွက်လည်း အဆင်ပြေအောင်စီစဉ်နေပါတယ်။

မေး  မြန်မာ့ဘသင်ကိုအားပေးနေကြတဲ့ ပရိသတ်တွေအတွက်ပြောချင်တာလေးရှိရင်။

ဖြေ ■  မြန်မာလူမျိုးတွေဖြစ်ကြတဲ့အတွက် မြန်မာ့သဘင်ကို အားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ပရိသတ်တွေအားပေးသည်ဖြစ်စေ၊ အားမပေးသည်ဖြစ်စေ နိုင်ငံတကာမှာလည်း ကိုယ့်ယဉ်ကျေးမှုဆိုတာကို ပြရမှာဖြစ်တဲ့အတွက် မြန်မာ့သဘင်ဆိုတာကတော့ ရှိနေရမှာလေ။ အားပေးကြတဲ့အတွက် ကျွန်တော်တို့တွေ အားပိုရှိပါတယ်။ သဘင်ကိုအားပေးကြတဲ့ ချစ်ခင်ကြတဲ့ သဘင်မိသားစုတွေအတွက်လည်း ကျွန်တော်တို့တွေ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားပြီး တောက်လျှောက်အတူရှိနေမှာပါ။


READ NEXT
Cancel OK