Top News

စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့ အဓိကပါဝင်သည့် ‘ကြာတော့သည်လည်းမောင့်စကား’ ရုပ်ရှင်ဇာတ်ကား Canal+ တွင် ပြသမည်
24htopnews | December 3, 2024 9:12 AM CST

သရုပ်ဆောင်တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီထွန်းထွန်း၊ အကယ်ဒမီဖွေးဖွေးတို့အဓိကပါဝင် ထားသည့် ‘ကြာတော့သည်လည်း မောင့်စကား’ ရုပ်ရှင်ဇာတ်ကားကို Canal+ Zat Lenn Channel တွင် ဇန်နဝါရီလအတွင်း ပြသရန်စီစဉ်ထားသည်ဟု သိရသည်။ စာရေးဆရာမဂျူး၏ ထင်ရှားသောလုံးချင်းဝတ္ထုကို အကယ်ဒမီဒါရိုက်တာမီးပွားက ပြန်လည်ပုံဖော်ထားကာ ရုံတင်ပြသစဉ်ကလည်း ပရိသတ်အား ပေးမှုများပြားခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်သည်။ Canal+ Zat Lenn Channel တွင် လစဉ်တိုင်း၌ ရုံတင်ပြသပြီး မြန်မာဇာတ်ကားများ ပြန်လည်ရွေးချယ်ပြသလျက်ရှိရာတွင် ယခုဇာတ်ကားလည်းအပါအဝင် ဖြစ်သည်။

‘ကြာတော့သည်လည်း မောင့်စကား’ ရုပ်ရှင်ဇာတ်ကားတွင် ငယ်စဉ်ကလေးဘဝတည်းက ခင်မင်တွယ်တာခဲ့ရသည့် သူငယ်ချင်းနှစ်ဦးကြားသို့ အထက်တန်းကျောင်းသားဘဝတွင် စာတော်ကာထက် မြက်သည့်ကျောင်းသားသစ်တစ်ဦး ရောက်ရှိလာပြီးနောက် ခင်မင်သွားခဲ့ကြရာ အဆိုပါကျောင်းသားသစ်မှာ မြို့သို့ပြောင်းရွှေ့သွားချိန်တွင် ကွဲကွာသွားခဲ့ကြပြီး ကျန်ရစ်ခဲ့သည့် သူငယ်ချင်းနှစ်ဦးမှာ အခင်မင်မပျက် ဆက်ရှိနေကြသော်လည်း မိန်းကလေးမှာဆရာဝန်တစ်ဦး ဖြစ်လာပြီးနောက် အထက်တန်းကျောင်းသားဘဝတွင် ဆုံစည်းခွင့်ရခဲ့သူနှင့် ချစ်သူများအဖြစ်ရောက်ရှိသွားကြပုံ၊ ငယ်စဉ်ကပင် သံယောဇဉ်ကြီး လွန်းလှသူငယ်သူငယ်ချင်းလေးမှာ ၁၀ တန်းကျပြီးစီးပွားရေးနယ်ပယ်တွင်သာ လှုပ်ရှားရပ်တည်နေကာ မိန်းကလေးဖြစ်သူအပေါ် တိတ်တခိုးမြတ်နိုးနေသော်လည်း ဖွင့်ဟမပြောဘဲ မိမိချစ်ရလွန်းသူမိန်းကလေးမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မြင့်မားကာတစ်ပါးသူအပေါ် လွှမ်းမိုးတတ်သည့် ခဏတာဆုံစည်းခဲ့ဖူးသူ ကောင်လေးနှင့် ချစ်သူဖြစ်နေကြောင်းသိရချိန်တွင် စိုးရိမ်စိတ်လွန်ကဲရပုံနှင့် မိန်းကလေးတစ်ဦးနှင့် ယောကျ်ားလေးနှစ်ဦးကြားမှ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကောင်း တစ်ပုဒ်အဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ ယင်းဇာတ်ကားမှာ စာရေးဆရာမဂျူး၏ဝတ္ထုအား ဒုတိယအကြိမ် ဖန်တီးထားသည့်ဇာတ်ကား တစ်ကားဖြစ်သည်။


READ NEXT
Cancel OK