
၂၀၂၀ ပြည့်နှစ်အတွက် မကြာမီပြုလုပ်မည့် Miss Universe ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရန် အလှမယ် သူဇာဝင့်လွင်ကို ရွေးချယ်နိုင်ခဲ့ပြီဖြစ်သည်။ အစ်မဖြစ်သူ သရုပ်ဆောင်မေ၏ အနုပညာ လက်ဆင့်ကမ်းမှုနှင့်အတူ Miss Universe Myanmar ပြိုင်ပွဲကာလ တစ်နှစ်ခန့်အတွင်း လိုအပ်ချက်များကိုဖြည့်စွက်ကာ အကောင်းဆုံးပြင်ဆင်ကြိုးစားခဲ့သည့် Miss Universe Myanmar Winner ဆုရှင် အလှမယ်သူဇာဝင့်လွင်နှင့် တွေ့ဆုံ၍ ပြိုင်ပွဲကာလအမှတ်တရများ၊ အတွေ့အကြုံနှင့် စိန်ခေါ်မှုများကို မေးမြန်းဖော်ပြဖြစ်ပါသည်။
မေး ■Miss Universe Myanmar Winner ဆုရခဲ့တဲ့ခံစားမှုလေး ပြောပြပေးပါဦး။
ဖြေ ■ Miss Universe Myanmar Winner ပြိုင်ပွဲက ပထမဆုံးပြိုင်ဖြစ်တာလည်းဖြစ်တယ်။ ဟားခါးကိုယ်စားပြု ဝင်ပြိုင်ရတဲ့ပြိုင်ပွဲလည်းဖြစ်တော့ အားလုံးအတွက် ဂုဏ်ဆောင်ပေးနိုင်ခဲ့လို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ ပရိသတ်အားပေးမှုကြောင့်ရခဲ့တဲ့ ဆုလည်းဖြစ်တော့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။
မေး ■ ပြိုင်ပွဲကိုဝင်ပြိုင်ဖြစ်တာကရော ဘာကြောင့်လဲ။
ဖြေ ■ ပြိုင်ပွဲကိုဝင်ပြိုင်ဖြစ်တာက အရင်ကတည်းက Miss Universe Myanmar ပြိုင်ပွဲကို အရမ်းစိတ်ဝင်စားခဲ့တယ်။ ပြိုင်ပွဲပြိုင်မယ်ဆိုလည်း Miss Universe Myanmar ပြိုင်ပွဲကိုပဲပြိုင်မယ်လို့ ဆုံးဖြတ်ချက်ချထားပြီးသားပေါ့နော်။ ဒီနှစ်မှာလည်း အခါအခွင့်သင့်သလို အားလုံးကပဲ ကူညီအားပေးခဲ့ကြတယ်။ ဒါကြောင့်လည်း ဝင်ပြိုင်ဖြစ်တာပါ။ အသက်ကလည်း ဒီနှစ်မှာ ၂၁ နှစ်ပြည့်သွားတော့ ကိုယ့်ကိုယ်ကိုယ်လည်း independent ဖြစ်ပြီလို့ ယူဆတယ်။ အလုပ်တစ်ခုအနေနဲ့ သေချာကြိုးစားနိုင်ပြီလို့လည်း ယုံကြည်တယ်။ ဒါကြောင့် ဝင်ပြိုင်တဲ့အခါမှာလည်း အများကြီးပြင်ဆင်ခဲ့တယ်။ ပထမ ဆုံးပြိုင်ပွဲမှာ ဆုရခဲ့တဲ့အတွက် တကယ်ကိုဝမ်းသာရပါတယ်။
မေး ■ Miss Universe Myanmar ပြိုင်ပွဲကိုစိတ်ဝင်စားတယ်ဆိုတော့ အရင်ကတည်းက ဘာတွေပြင်ဆင်ဖြစ်ခဲ့လဲ။
ဖြေ ■ Miss Universe ပြိုင်ပွဲတွေကို ငယ်ငယ်ကတည်းကအမြဲကြည့်ဖြစ်တယ်။ မပြိုင်ခင်ကလည်း Catwalk တွေရော၊ ဗဟုသုတပိုင်းတွေပါ သေချာလေ့လာပြီးမှ ပြိုင်ဖြစ်တာပါ။ ညီမကိုယ်တိုင်ကလည်း ဒီနှစ်မှာမှ ပြိုင်ချင်တဲ့စိတ် ပိုပြီးထက်သန်တယ်။ ပြိုင်ဖို့ဆုံးဖြတ်တဲ့အခါမှာလည်း အစ်မဖြစ်တဲ့ မမေအပါအဝင် မိသားစုတွေ သူငယ်ချင်းတွေအားလုံးက ပံ့ပိုးကူညီပေးကြပါတယ်။
မေး ■ ဟားခါးကိုယ်စားပြုပြိုင်ဖြစ်တာကရော ဘာလို့လဲ။
ဖြေ ■ ဟားခါးကိုယ်စားပြုပြိုင်ဖြစ်တာကတော့ ညီမကရန်ကုန်ကိုယ်စားပြုဝင်ပြိုင်ပေမဲ့ City Director က ဟားခါးကိုယ်စားပြုအနေနဲ့ ပါဝင်ပေးပါဆိုပြီး ပေးခဲ့တာပါ။ ဟားခါးကလည်း ပထမဆုံး ကိုယ်စားပြု ယှဉ်ပြိုင်စေမှာဆိုတော့လေ။ ဒါကြောင့် ဟားခါးကိုယ်စားပြု ပါဝင်ဖြစ်သွားတာပါ။
မေး ■ အခက်အခဲတွေအနေနဲ့ ဘာတွေကြုံတွေ့ခဲ့ရလဲ။
ဖြေ ■ အခက်အခဲကတော့ ရှိပါတယ်။ ညီမက စင်ဆိုလည်း ကြောက်တတ်တယ်။ ပြိုင်ပွဲကာလက ကိုဗစ်ကပ်ရောဂါကြောင့် တစ်နှစ်လောက်ကြာသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ဖို့အတွက် အချိန်ရသွားတယ်လို့ဆိုရမှာပေါ့။ ကြားထဲမှာ ညီမလိုအပ်ချက်တွေအားလုံး ပြင်ဆင်နိုင်အောင် ကြိုးစားခဲ့တယ်။ အခု Grand Final ပြိုင်ပွဲမှာ ညီမရဲ့ပြောင်းလဲလာတဲ့အရာတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေက ကျေနပ်အားပေးကြတယ်။ ဒီအတွက် ညီမကိုယ်တိုင်လည်း အခက်အခဲနဲ့စိန်ခေါ်မှုတွေကို အချိန်ယူ ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ပိုပြီးကျေနပ်ရတာပေါ့။ ပြိုင်ပွဲမှာ အတူယှဉ်ပြိုင်ခဲ့ရတဲ့သူတွေကလည်း ထူးချွန်တဲ့တော်ကြတဲ့ သူတွေပါတာကြောင့် အတွေ့အကြုံကောင်းတွေ အများကြီးရပါတယ်။ ဘဝအတွက် သင်ခန်းစာတွေလည်း ရပါတယ်။ မြန်မာပွဲပြီးရုံနဲ့ ပြီးသွားတာမဟုတ်ဘဲ နိုင်ငံကိုယ်စားပြုဖြစ်သွားပြီဆိုတော့ တခြားနိုင်ငံက Miss တွေကြားထဲမှာ ပုံရိပ်ကောင်းတစ်ခုအနေနဲ့ တင်ဆက်နိုင်အောင် ပြင်ဆင်ရမယ်။ အမှားအယွင်းမဖြစ်စေဖို့အတွက် အစစအရာရာပြင်ဆင်ရပါမယ်။
မေး ■ ဆုကြေညာမယ့်အချိန်မှာရော ဘယ်လောက်ရင်ခုန်ခဲ့ရလဲ။
ဖြေ ■ အရမ်းရင်ခုန်ပါတယ်။ ဒီနှစ်ဆုကြေညာတဲ့အချိန်က အရင်နှစ်တွေလို နောက်ဆုံးကျန်ခဲ့တဲ့ အလှမယ်နှစ်ယောက်က တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး အားပေးရင်း ဆုကို နားထောင်ရတာမျိုး မဟုတ်ဘူး။ ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် သုံးပေအကွာနေပြီး ဆုကိုနားထောင်ရင်း စောင့်ရတာဆိုတော့ စိတ်လှုပ်ရှားရပါတယ်။ ကိုယ့်နာမည် ကြေညာလိုက်တဲ့အချိန်မှာ အရမ်းပျော်ပါတယ်။ 1st Runner Up ရတဲ့တစ်ယောက်ကလည်း အရမ်းတော်တယ်။ ဒါပေမဲ့ ညီမနာမည်ကိုကြေညာလိုက်တဲ့အချိန်မှာ အရမ်းဝမ်းသာမိပါတယ်။
မေး ■ Miss Universe ပြိုင်ပွဲကရော ဘယ်အချိန်လောက်သွားပြိုင်ရမလဲ။
ဖြေ ■ ပြိုင်ပွဲရက်အတိအကျတော့မသိရသေးဘူး။ အကြမ်းဖျင်းအနေနဲ့တော့ သိပ်မလိုတော့ဘူး။ ဒါကြောင့် ညီမဘက်ကနေ သေချာလေးပြင်ဆင်ရပါဦးမယ်။ Organization ပိုင်းနဲ့ပူးပေါင်းပြီး Catwalk ပိုင်းတွေ၊ ဗဟုသုတပိုင်းတွေပို ပြီးပြင်ဆင်မယ်။ အဲဒါတွေပြင်ဆင်ပြီးသွားရင်တော့ ညီမလုပ်ချင်တဲ့အကြောင်း အရာလေးတစ်ခုရှိတယ်။ အဲဒါလေးကိုလည်း Organization နဲ့တိုင်ပင်ပြီးတော့မှ အားလုံးအတွက်အသိပေးသွားပါမယ်။
မေး ■ နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့ ဘယ်လိုအရာတွေမှာ အဓိကပြင်ဆင် နေထိုင်သင့်တယ်လို့ထင်လဲ။ စိတ်ပိုင်းဆိုင်ရာအနေနဲ့ရောပေါ့။
ဖြေ ■ နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့ကတော့ ဂုဏ်သိက္ခာပိုင်းက အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။ အနေအထိုင်၊ အပြောအဆို၊ ဝတ်စားဆင်ယင်မှုကအစ အမျိုးသမီးတွေအတွက် ရှေ့ဆောင်လမ်းပြတစ်ယောက် ဖြစ်သင့်တယ်ထင်ပါတယ်။ အခြားသူတွေအပေါ်စေတနာ မေတ္တာထားရမယ်။ တတ်နိုင်သလောက် ကူညီပေးရမယ်။ ပရဟိတစိတ်ထားလည်း ရှိရမယ်လို့ ထင်ပါတယ်။ မိဘစကားနားထောင်သင့်တယ်။ ပရိသတ်တွေကလည်း သွားပြိုင်ဖို့အတွက် ညီမရဲ့ လိုအပ်ချက်တွေ အကြံဉာဏ်ပေးကြတယ်။ အဲဒါတွေအားလုံးကိုလည်း ညီမသေချာဖတ်ပါတယ်။ အကုန်လုံးကိုသေချာလေးလိုက်နာပြင်ဆင်သွားပါမယ်။
မေး ■ ပရိသတ်တွေကို ပြောချင်တဲ့စကားလေးရှိရင် ပြောပေးပါဦး။
ဖြေ ■ ညီမကို ပြိုင်ပွဲကာလတစ်လျှောက်လုံးမှာ အားပေးခဲ့ကြတဲ့ပရိသတ်တွေ၊ အနုပညာအသိုင်းအဝန်းထဲက ခင်မင်ရတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်