Top News

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် လူဦးရေ လေးသိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး လူသားချင်းစာနာထောက်ထားမှု ဝင်ရောက်ခွင့်ကို ကန့်သတ်ထားဆဲဖြစ်ကြောင်း OCHA Myanmar ထုတ်ပြန်
24htopnews | December 2, 2024 1:12 AM CST

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် လူဦးရေလေးသိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး လူသားချင်းစာနာထောက်ထားမှုဝင်ခွင့်ကို ကန့်သတ်ထားဆဲဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA Myanmar) က ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် အရပ်သားများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ဖော်ပြထားသည်။

ထိုသို့ တိုက်ပွဲများပြင်းထန်မှုကြောင့် အရပ်သားပိုင် အိုးအိမ်ပစ္စည်းပျက်စီးဆုံးရှုံးရမှုနှင့် နေရပ်စွန့်ခွာထွက်ပြေးရမှုများ ရှိနေကြောင်း OCHA Myanmar က ပြောကြားသည်။ 

ဇန်နဝါရီ ၃၁ ရက်အထိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏အဆိုအရ မြန်မာနိုင်ငံ အနောက်မြောက်ဒေသတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ လက်နက်ကိုင်ပဋိပက္ခကြောင့် လူပေါင်း ၁၉၁၆၄၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် လူဦးရေ ၁၃၆၂၇၀၊ မကွေးတိုင်းဒေသကြီးတွင် စစ်ဘေးရှောင် ၂၁၃၆၀ နှင့်  ချင်းပြည်နယ်တွင် လူဦးရေ  ၄၀၃၄၀ အပါအဝင်လူဦးရေ ၁၉၇၉၇၀ ခန့်သည် မြန်မာနိုင်ငံအနောက် မြောက်ပိုင်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်း မြန်မာနိုင်ငံ၏အနောက်မြောက်ဘက်တစ်ဝှမ်းတွင် လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများအပါအဝင် အဆောက်အအုံ ၁၀၈၀ မီးလောင်ပျက်စီးခဲ့ကြောင်း OCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက် OCHA Myanmar ၏ ထုတ်ပြန်ချက်တွင်  ကယားပြည်နယ်၌ လူဦးရေ ၉၁၄၀၀၊ ကရင်ပြည်နယ်တွင် လူဦးရေ ၇၄၆၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လူဦးရေ ၄၂၆၀၀၊ မွန်ပြည်နယ်တွင် လူဦးရေ ၇၁၀၀၊  တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေ ၁၆ဝဝနှင့် ပဲခူးတိုင်းဒေသကြီးတွင် လူဦးရေ ၆၀၀ အပါအဝင် လူဦးရေ ၂၁၇၉၀၀ ခန့်သည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် တိုက်ပွဲ‌ရှောင်ထွက်ပြေးခဲ့ရကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ဇန်နဝါရီ ၂၆ ရက်နှင့် ဖေဖော်ဝါရီ ၉ ရက် OCHA Myanmar ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် လူဦးရေ လေးသိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရခြင်းလည်း ဖြစ်သည်။

ထိုသို့ လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်များ ဆက်လက်တိုးပွားနေချိန်တွင် ဗျူရိုကရေစီပိတ်ဆို့ခြင်း၊ ပဋိပက္ခများနှင့် စစ်ဘက်စစ်ဆေးရေးဂိတ်များ တိုးမြှင့်ခြင်းတို့ကြောင့် လူသားချင်းစာနာထောက်ထားမှု ဝင်ရောက်ခွင့်ကို အလွန်ကန့်သတ်ထားဆဲဖြစ်ကြောင်း  OCHA Myanmar က ဆိုသည်။               

ထို့ကြောင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များ တိုးလာနေသော အတိုင်းအတာကို တုံ့ပြန်ရန်အတွက် ပိုမိုကျယ်ပြန့်သော ဝင်ရောက်မှုနှင့် အကူအညီများ လိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။


READ NEXT
Cancel OK