Top News

ယနေ့ခေတ်လူငယ်သရုပ်ဆောင်များ ကြိုးစားအားထုတ်မှုမရှိသည့်အတွက် ဂျက်ကီချန်း စိတ်ပျက်
24htopnews | November 30, 2024 9:12 PM CST

ဟောင်ကောင် ၀ါရင့်ရုပ်ရှင်မင်းသားကြီး ဂျက်ကီချန်းက တရုတ်ရုပ်ရှင်ထူးချွန်ဆုပေးပွဲဖြစ်သည့် ရွှေကြက်ဖဆုပေးပွဲနှစ် ၄၀ ပြည့်အထိမ်းအမှတ် ပြုလုပ်သည့် Talk Show အစီအစဉ်တစ်ခုတွင် ဧည့်သည်အ ဖြစ် ပါဝင်ခဲ့သည်။

၎င်းအစီအစဉ်တွင် ဂျက်ကီချန်းက ၎င်း၏ ရှည်လျားသည့် အနုပညာခရီးလမ်းပေါ်မှ  အမှတ်ရစရာအချို့ကို တက်ကြွစွာပြန်လည် မျှဝေရင်း လူငယ်သရုပ်ဆောင်အချို့အပေါ် အားမလိုအားမရဖြစ်နေသည်များကိုလည်း ပြောပြသွားခဲ့သည်။

ကိုယ်တိုင်သရုပ်ဆောင်ခဲ့၊ မြင်ခဲ့ရသည့် စတန့်စွန့်စားခန်းများအကြောင်းကို မင်းသားကြီးက ပြန်လည်တွေးတောပြောပြရင်းဖြင့် ယနေ့ခေတ်လူငယ်သရုပ်ဆောင် အချို့သည် ကိုယ့်ကိုယ်ကိုယ်ကြိုးစားအား ထုတ်မှုမရှိကြဟု ဆိုသည်။

မည်သူမည်ဝါကိုတော့ သူ မပြောတော့ဘဲ ထိုလူငယ်သရုပ်ဆောင်များသည် ချွေးထွက်မခံနိုင်၊ စွန့်စားခန်းမျိုး မလုပ်နိုင်ကြဟုသာ အသက် ၆၇ နှစ်အရွယ်ဂျက်ကီချန်းက စိတ်ပျက်စွာ ပြောပြခဲ့သည်။

အက်ရှင်ခန်းများ ပါကိုပါရမည် ကြည့်၍လည်းလှနေရမည်၊ သို့သော်လည်း သူတို့က ဘာဒုက္ခမှမခံချင်ကြ၊ ထိုသတင်းကိုကြားပြီး သူ ဒေါသဖြစ်ရသည်ဟုလည်း မင်းသားကြီးက ဆိုသည်။

ဂျက်ကီချန်း၏ စိတ်ပျက်အားလျော့မှုက ထိုမျှဖြင့် မပြီးသေး၊  မိမိကို မီးထိုးမှအစ ကူညီလုပ်ကိုင်ပေးနေသည့် ရုပ်ရှင်အဖွဲ့သားများစွာရှေ့တွင် အပင်ပန်းမခံနိုင်ခြင်းက ၎င်းတို့ကို မလေးစားရာကျသည်ဟုလည်း မင်းသားကြီးက ယူဆထားသည်။

လူငယ်သရုပ်ဆောင်များအား သရုပ်ဆောင်ရာတွင် အစွမ်းကုန် အားစိုက်ထည့်ရန်၊ သို့မှသာ အောင်မြင်လာသည့်တစ်နေ့  ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိကြလိမ့်မည်ဟု ဆိုဆုံးမထားကြောင်းလည်း ဂျက်ကီချန်းက ၎င်းအစီအစဉ်တွင် ပြောပြသွားသည်။

ထို့ပြင် အနုပညာလောကတွင် မည်သည့်အခက်အခဲမဆို ဖြတ်ကျော်လာသည့် အချို့ဝါရင့်သရုပ်ဆောင်များကို အမှန်လေးစားမိသည်ဟုလည်း ဂျက်ကီချန်းက ဆိုသည်။ ဂျက်ကီချန်းသည် ဆောက်လုပ်ရေးအပါ အဝင် အခြားအလုပ်အကိုင်များကို လုပ်ခဲ့ဖူးသော်လည်း သရုပ်ဆောင်အလုပ်က သူ့အတွက် အမြဲပြန်ဆိုက်ရသည့်ဘူတာသဖွယ် ဖြစ်သည်။

အနုပညာလောကသို့ ဂျက်ကီချန်း ဝင်ရောက်လာသည်မှာ ရှေ့နှစ်တွင် နှစ် ၆၀ ပြည့်ခဲ့လေပြီ။ “တကယ်လို့ သင်ဟာ မဆုတ်မနစ်နဲ့ သည်းခံကြိုးစားသွားမယ် ဘယ်အလုပ်မဆိုပေါ့လေ၊ သင် အောင်မြင်ပါလိမ့်မယ်။ သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်” ဟု ကမ္ဘာကျော်မင်းသားကြီးဂျက်ကီ ချန်းက ၎င်းအစီအစဉ်မှတစ်ဆင့် အားပေး သွားခဲ့သည်။ 


READ NEXT
Cancel OK