Top News

House of Gucci ဇာတ်ရုပ်အတွက် တိရစ္ဆာန်သုံးမျိုး၏ လှုပ်ရှားမှုများကို လေဒီဂါဂါ လေ့လာခဲ့ရ
24htopnews | November 30, 2024 9:12 PM CST

Gucci  မိသားစုမှ ခင်ပွန်းသည် Maurizio Gucci ကိုလူငှားသတ်ခိုင်းသည့် Patrizia Reggiani ဇာတ်ရုပ်ဖြင့် မြင်တွေ့ရ မည့် လေဒီဂါဂါသည် ၎င်းဇာတ်ရုပ်အတွက် မည်သို့ပြင်ဆင်ခဲ့သည်ကို ပြောစရာအချက်များစွာ ရှိနေသည်။

House of Gucci ဇာတ်ကားကြီးမှ ၎င်းဇာတ်ရုပ်နှင့်အံဝင်ရန် အသက် ၃၅ နှစ် အရွယ်ဂါဂါသည် လနှင့်ချီ ပြင်ဆင်ကြိုးစားထားခြင်းဖြစ်ပြီး ဇာတ်ကားသတင်းစာရှင်းလင်းပွဲတစ်ခုတွင် သူမ မည်သို့ကြိုးစားထားသည်ကို ပြောပြသွားသည်။

ထိုဇာတ်ကားအတွက် လေဒီဂါဂါသည် တိရစ္ဆာန်သုံးမျိုးနှင့်ပတ်သက်သည်များကို လေ့လာခဲ့ရသည်။ သူမ သရုပ်ဆောင်ရသည့် ဇာတ်ကောင်နှင့်ပတ်သက်ပြီး ဂါဂါက “သူမရဲ့ ဘဝအစောပိုင်းက အိမ်မွေးကြောင်လိုပဲ။ နောက်ဇာတ်ကားအလယ်လည်းကျရော မြေခွေးလိုဖြစ်သွားတယ်။ အဲဒီအတွက် ကျွန်မမြေခွေးတွေ ဘယ်လိုအမဲလိုက်သလဲ လေ့လာခဲ့တယ်”ဟု ဆိုသည်။

“ပြီးတော့ ဇာတ်ကားနောက်ဆုံးပိုင်း အတွက် ကျားသစ်နက်တွေကို ကျွန်မ လေ့လာခဲ့ရတယ်။ ရုပ်ရှင်ရဲ့ တတိယအပိုင်းမှာ သူမကအဲဒီလိုဖြစ်သွားတာလေ။ ဒီတော့ ကျားသစ်နက်တွေ ဘယ်လိုအမဲလိုက်သလဲဆိုတဲ့ ဗီဒီယိုတွေအများကြီး ကျွန်မကြည့်ရပြန်ရော။ ကျားသစ်နက်တွေက ညှို့ပြီးမှ ခုန်အုပ်တော့တာပဲ”ဟု ဂါဂါက ပြောသည်။

House of Gucci သည်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခြင်းလည်းဖြစ်ပြီး ပြင်ပလောကမှ Patrizia ကို အီတလီသတင်းလောကက Black Window ဟုပင် နာမည်ပေးထားလေသည်။

ထိုသို့ကြီးလေးသည့် Patrizia ဇာတ်ကောင်အတွက် ဂါဂါသည် Patrizia အကြောင်းကို အချိန်များစွာယူကာ ဖတ်ခဲ့ရပြီး သူမနှင့်ပတ်သက်သည့် အင်တာဗျူးများစွာကို လေ့လာကြည့်ခဲ့ရသည်။

Patrizia ၏ဘဝဇာတ်ကြောင်းသည် လောဘဆိုသည်ထက် ပိုသည်ဟုလည်း လေဒီဂါဂါက ယူဆထားသည်။ “ကျွန်မထင်တယ် သူမဟာ ခင်ပွန်းသည် Maurizio ကိုလည်း ချစ်ခဲ့တယ်။ အဲဒါအပြင် ခင်ပွန်းသည်က သူမကို မိသားစုလုပ်ငန်းထဲမှာ လုပ်ပိုင်ခွင့်အာဏာတွေပေးခဲ့တာကိုလည်း ခုံမင်သွားတာကိုး” ဟု ဆိုသည်။

ဂါဂါသည် ဂီတနယ်ပယ်တွင် အောင်မြင်နေရုံသာမက အနုပညာနယ်ပယ်တွင်လည်း အခိုင်အမာ နေရာရယူထားပြီဖြစ်ပြီး A Star is Born ဇာတ်ကားဖြင့် အကောင်းဆုံးအော်စကာရုပ်ရှင်မင်းသမီးဆု အဆိုပြုခံ ခဲ့ရသည်။

ယခုလည်း House of Gucci ဇာတ်ကားအတွက် လေဒီဂါဂါကို မျက်လုံးများစွာက စောင့်ကြည့်စိတ်ဝင်စားနေကြသည်။ ထိုဇာတ်ရုပ်အတွက် New York Film Critics Circle မှ ချီးမြှင့်သည့် အကောင်းဆုံးရုပ်ရှင် မင်းသမီးဆုကိုပင် ဂါဂါရထားပြီဖြစ်သည်။ House of Gucci ဇာတ်ကားကြီးကို ဒီဇင်ဘာ ၃၀ ရက်တွင် ရုံစတင်မည်ဖြစ်သည်။


READ NEXT
Cancel OK