Top News

အာနိုးတို့ဇနီးမောင်နှံ ၃၅ နှစ်ကြာ အိမ်ထောင်ရေးကို တရားဝင်အဆုံးသတ်
24htopnews | November 30, 2024 9:12 PM CST

၁၀ နှစ်ကျော်ကြာကွဲနေခဲ့သော်လည်း အာနိုးရွှာဇနစ်ဂါနှင့် ဇနီးမာရီယာရှရိုက်ဗာတို့၏ တရားဝင် ကွာရှင်းပြတ်စဲမှုသည် ယခုမှပင် တရားဝင်ပြီးပြတ်သွားပြီဖြစ်သည်။

ဒီဇင်ဘာ ၂၈ ရက် တရားရုံးစာရွက်စာတမ်းများအရ အသက် ၇၄ နှစ်အရွယ် မင်းသား အာနိုးနှင့် ၆၆ နှစ်အရွယ် အမေရိကန်သတင်းသမား ရှရိုက်ဗာတို့အကြား ပိုင်ဆိုင်မှုကိစ္စ ပြေလည်မှုရသွားသည်။ ပိုင်ဆိုင်မှုကိစ္စညှိနှိုင်းနေ ရသဖြင့် ၎င်းတို့ကွာရှင်းရေးမှာ ထိုမျှအချိန် ကြန့်ကြာခဲ့ရသည်ဟုလည်း အနုပညာသတင်းဝက်ဘ်ဆိုက် TMZ က ဖော်ပြသည်။

အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ၏ တူမဖြစ်သူ မာရီယာရှရိုက်ဗာသည်  ခင်ပွန်းသည်အာနိုးနှင့် ကွာရှင်းရန် ၂၀၁၁ ခု နှစ်၊ ဇူလိုင်ကတည်းက ရုံးတော်သို့ လျှောက်တင်ထားခဲ့သည်။ သီတင်းပတ်အနည်းငယ်ကြာပြီးနောက် အာနိုးက သူ၏အိမ်အကူနှင့် ငြိစွန်းမိပြီး သားတစ်ဦးရထားကြောင်း ဝန်ခံထုတ်ပြောခဲ့သည်။

အုပ်ချုပ်ရေးမှူးတာဝန်မှနေ၍ ထွက်လိုက်ပြီးနောက် လွန်ခဲ့သည့်ဆယ်စုနှစ်ကဖြစ်ခဲ့သည့် ၎င်းကိစ္စကို ဇနီးကိုပြောပြခဲ့သည်ဟု မင်းသားကြီးအာနိုးက ဇနီးနှင့်စလမ်းခွဲစဉ် မီဒီယာတစ်ခုသို့ပြောခဲ့သည်။ သူသည် ၂၀၀၃ မှ ၂၀၁၁ ခုနှစ်အထိ ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

ကွာရှင်းရန်လျှောက်တင်မှုတွင် ဇနီးက  ပြန်ညှိနှိုင်း၍မရသည့် သဘောထားကွဲလွဲမှုများကြောင့်ဟု အကြောင်းပြချက်ပေးခဲ့သည်။

၁၉၇၇ ခုနှစ်တွင် စတွေ့ပြီး ၁၉၈၆ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည့် ၎င်းတို့နှစ်ဦးတွင် သားသမီးလေးဦး ထွန်းကားခဲ့သည်။

အာနိုးသည် ခရစ္စမတ်အကြိုနေ့က လော့စ်အန်ဂျလိစ်တွင်  အိမ်ခြေမဲ့စစ်မှုထမ်းဟောင်းများအတွက် နေစရာအိမ်ငယ် ၂၅ လုံး လှူဒါန်းခဲ့သည်။ ထိုအိမ်များဆောက်ရန် မင်းသားကြီးက အမေရိကန်ဒေါ်လာနှစ်သိန်းခွဲ စိုက်ထုတ်ပေးခဲ့သည်။


READ NEXT
Cancel OK