Top News

Squid Game ဒါရိုက်တာက Season 3 ထွက်လာနိုင်ကြောင်း အရိပ်အမြွက်ပြောကြား
24htopnews | November 30, 2024 9:12 PM CST

ကမ္ဘာကျော်တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ Squid Game ကို Season 2 ရိုက်ကူးမှု တရားဝင်မကြေညာသေးသော်လည်း Season 3 ဖြစ်လာနိုင်ဖွယ်ရှိသည့် ဆွေးနွေးမှုများက ဖြစ်လာခဲ့ပြီဖြစ်သည်။

Squid Game ဖန်တီးသူ ဒါရိုက်တာ Hwang Dong-hyuk က ဒီဇင်ဘာ ၂၈ ရက်တွင် ကိုရီးယားရုပ်သံ KBS နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် Netflix နှင့် ဆွေးနွေးပြောဆိုထားသည့်အကြောင်း ဖွင့်ဟခဲ့သည်။

“ကျွန်တော် Netflix နဲ့ Season 2 ရော၊ Season 3 ကိစ္စပါ ပြောဆိုထားပါတယ်။ မကြာခင် တစ်ခုခုဆုံးဖြတ်တော့မှာပါ” ဟု Hwang က ပြောသည်။ ထို့ပြင် ၎င်းအင်တာဗျူးတွင် Hwang က Season 2 တွင် ဘာဆက်ဖြစ်မည်ကိုလည်း အနည်းငယ်ဖွင့်ဟသွားသည်။ Season 2 တွင် အဓိကဇာတ်လိုက် Seong Gihun ( မင်းသား Lee Jung-jae) က ဂိမ်းပြိုင်ပွဲ နောက်ကွယ်မှ အဖွဲ့အစည်းအကြောင်းကို ပိုမိုသိရှိရန် ကြိုးစားသွားမည်ဖြစ်သည်။

Season 3 အလားအလာနှင့်ပတ်သက် ၍ Netflix ဘက်မှလည်း Squid Game ကိစ္စ သူတို့ဆွေးနွေးထားကြသည်မှာ အမှန်ဖြစ်ကြောင်းနှင့် Season 3 ကိစ္စလည်းပါကြောင်း၊ ယခုထိတော့ အတည်မဆုံးဖြတ်ရသေးကြောင်း ကြေညာထားသည်။ Season 2  ရိုက်ကူးမည့်အကြောင်းကိုမူ ဒါရိုက်တာက နိုဝင်ဘာ ၈ ရက်ညပိုင်းက AP သတင်းဌာနနှင့် အင်တာဗျူးတွင် အတည်ပြုထားပြီး ဖြစ်သည်။

Netflix တွင် စက်တင်ဘာ ၁၇ ရက်က စတင်ပြသလိုက်သည့် Squid Game ( Season 1 )သည် ထင်မှတ်မထားလောက်အောင် ကမ္ဘာတစ်ဝန်း ပရိသတ်အားပေးမှု တစ်ခဲနက်ရခဲ့ပြီး Squid Game ကြောင့်ပင် တောင်ကိုရီးယား ဇာတ်လမ်းတွဲများကို ကမ္ဘာက စိတ်ဝင်စားမှု ပိုမြင့်တက်လာကာ ခေါင်းဆောင်မင်းသား Lee Jung-jae ၏ အောင်မြင်မှုသည် နိုင်ငံတကာအထိ ထိုးဖောက်ခဲ့သည်။

ဇာတ်လမ်းက ဆုငွေ ကိုရီးယားဝမ် ၄၅ ဒသမ ၆ ဘီလျံကို တပ်မက်စွာဖြင့် ရှုံးသည်နှင့် အသတ်ခံရမည်ကိုမသိဘဲ အလွန်ဆိုးရွားသည့် ဂိမ်းပွဲတစ်ခုကို ဝင်ပြိုင်ကြသူများအကြောင်း ရိုက်ကူးထားပြီး သွေးထွက်သံယို ရက်စက်ကြမ်းကြုတ်သည့် ဇာတ်ဝင်ခန်းများ ပါဝင်သည့်အတွက် အသက် ၁၅ နှစ်အောက် ကလေးများ မကြည့်သင့်သည့်ဇာတ်လမ်းဟုလည်း သတ်မှတ်ထားသည်။

Squid Game သည် Netflix ၏ လူကြည့်အများဆုံး ဇာတ်လမ်းတွဲအဖြစ် သတ်မှတ်ခံခဲ့ရပြီး ယခင်လူကြည့်အများဆုံးဖြစ်ခဲ့သည့် အမေရိကန်ဇာတ်လမ်းတွဲ Bridgerton ကိုကျော်ကာ စလွှင့်ပြီး ၂၈ ရက်အတွင်း ကြည့်ရှုသူ ၁၁၁ သန်းရှိခဲ့သည်။ ပါဝင်သည့် အနုပညာရှင်များ၏ အောင်မြင်မှုကလည်း အဆ မတန်ဖြစ်ပြီး မင်းသမီး Jung Ho Yeon ကိုလည်း အင်မတန်လူသိများလာခဲ့သည်။

အမေရိကန် Critics’ Choice Awards ဆုချီးမြှင့်မှုများအနက် အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု လျာထားခံရသူများထဲ တွင် Lee Jung-jae လည်း ပါဝင်ပြီး Squid Game က ဆုနှစ်ဆုနှင့် ပြေးမလွတ်ဘဲ အ ကောင်းဆုံး ဒရာမာဇာတ်လမ်းတွဲဆု၊ အကောင်းဆုံး နိုင်ငံခြားဘာသာဇာတ်လမ်းတွဲဆုတို့အတွက် လျာထားခံရသည်။

Critics’ Choice Awards သည် အမေရိက၏ ထိပ်တန်းဆုပေးပွဲများအနက် တစ်ခုဖြစ်ပြီး အော်စကာဆုများနှင့် အမ်မီဆုများကို ကြိုတင်ခန့်မှန်းနိုင်သည့်ပွဲအဖြစ် သတ်မှတ်ထားကြသည်။


READ NEXT
Cancel OK