Top News

ဗြိတိန်အစိုးရက ယခုနှစ်သူကောင်းဘွဲ့ချီးမြှင့်သူများထဲ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရက်ဂ်လည်း ပါဝင်
24htopnews | November 30, 2024 9:12 PM CST

ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်က နှစ်စဉ် ဆာဘွဲ့များဖြင့် သူကောင်းပြုချီးမြှင့်လေ့ရှိရာ ယခုနှစ်အတွက် ချီးမြှင့်ခံရသူများအနက် ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းကပါဝင်နေကြသည့် သိပ္ပံပညာရှင် များနှင့် ကျန်းမာရေးပညာရှင်များ ပါဝင်လာကြပြီး အနုပညာနယ်ပယ်မှ ဒန်နီယယ် ခရက်ဂ်အပါအဝင် ထင်ရှားသူအချို့လည်း သူကောင်းပြုခံခဲ့ရသည်။

နောက်ဆုံးထွက်ထားသည့် No Time To Die အပါအဝင် 007 ဇာတ်ကားငါးကားတွင် သရုပ်ဆောင်ခဲ့သူ ဒန်နီယယ်ခရက်ဂ်သည် ရုပ်ရှင်လောကတွင် ထူးချွန်သည့် သရုပ်ဆောင်မှုများအတွက် Order of St Michael and St George(CMG) ဘွဲ့ဖြင့် သူကောင်းပြုခံရသည်။

၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းစွန့်စားခန်း ရုပ်ရှင် No Time To Die သည်  ခရက်ဂ်ကို ဇာတ်လိုက်နေရာမှ နောက်ဆုံးမြင်ရသည့် ဇာတ်ကားလည်းဖြစ်သည်။

ဆေးပညာလောကတွင်မူ COVID-19 တိုက်ဖျက်ရေးတွင်ပါဝင်ကြသည့် ဆေးပညာရှင်များကို သူကောင်းဘွဲ့ချီးမြှင့်ခဲ့ပြီး အင်္ဂလန်၊ စကော့တလန်နှင့် ဝေလနယ်တို့မှ ကျန်းမာရေးပညာရှင် ခရစ္စဝစ်တီ၊ ဂရက် ဂေါ်စမစ်နှင့် ဖရန့်ခ်အတာတင်တို့သုံးဦးကို ဆာဘွဲ့ (သူကောင်းဘွဲ့) ချီးမြှင့်ကာ အင်္ဂလန် ဆေးပညာရှင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့လည်း ချီးမြှင့်ခံခဲ့ရသည်။

ဗြိတိန်အစိုးရ၏သိပ္ပံအကြံပေး အရာရှိချုပ် ပတ်ထရစ်ခ်ဗဲလန့်ကိုလည်း Order Of The Bath ဖြင့်သူကောင်းပြုထားသည်။

ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုတွင် အဓိကပါဝင်ခဲ့ကြသည့် အမေရိကန်ဆေး ကုမ္ပဏီဖိုင်ဇာနှင့် မိုဒါးနား၊ ဂျာမနီဆေးကုမ္ပဏီ ဘိုင်အွန်တက်ခ်တို့မှ အကြီးအကဲသုံးဦးသည်လည်း သူကောင်းဘွဲ့ဖြင့်ဂုဏ်ပြု ခံ ထားရသည်။

ဆာဘွဲ့ရထားပြီးသူ ဗြိတိန် တေးရေးတေးဆို အယ်လ်တန်ဂျွန်နှင့် လက်တွဲပြီး သီချင်းများ ဖန်တီးသူအဖြစ် လူသိများသည့် တေးရေးဆရာ ဘန်နီထော်ပင်သည် CBE ချီးမြှင့်ခံရသည်။ Candle in the Wind သီချင်းကို ၁၉၉၇ ခုနှစ်တွင် ၎င်းတို့နှစ်ဦး ပြန်လည်ပြောင်းလဲလိုက်ပြီး ထိုသီချင်းသည် ဒိုင်ယာနာစျာပနတွင် အယ်လ်တန်ဂျွန် သီဆို ဂုဏ်ပြုခဲ့သည့် သီချင်းဖြစ်သည်။

ယခုနှစ်အမျိုးသမီးသူကောင်းဘွဲ့ကို  အနုပညာလောကနှင့် ပရဟိတအလုပ်များအတွက် ပေးဆပ်ခဲ့သူ ၀ါရင့်မင်းသမီးကြီးနှစ်ဦး ဂျိုအန်နာလမ်လီနှင့် ဗနက်ဆာရတ်ဂရေ့ဗ် တို့ရရှိသွားသည်။

နှစ်သစ်သူကောင်းပြုချီးမြှင့်မှုများကို ၁၉ ရာစုနှစ်တွင် ဗစ်တိုးရီးယားဘုရင်မ အုပ်ချုပ်စံမြန်းစဉ်ကတည်းက ပေးအပ်လာခြင်းဖြစ်ပြီး အထင်ကရပုဂ္ဂိုလ်များကိုသာမကဘဲ  နိုင်ငံ့အရေးအတွက် ပါဝင်ပ့ံပိုးပြီး မှေးမှိန် နေသည့်သူများကိုလည်း ပေးအပ်သည်။


READ NEXT
Cancel OK