Top News

BTS အဖွဲ့ဝင် V အား ဂုဏ်ပြုဖန်တီးထားသည့် နံရံဆေးပန်းချီ ဒယ်ဂူမြို့တွင် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရာနေရာဖြစ်လာ 
24htopnews | November 30, 2024 9:12 PM CST

ကမ္ဘာကျော်ကေပေါ့အဆိုတော်အဖွဲ့  BTS မှအဖွဲ့ဝင် Kim Taehyung ခေါ် V အတွက် ဒယ်ဂူမြို့တွင် မကြာသေးခင်က နံရံဆေးပန်းချီသရုပ်ဖော်မှုတစ်ခုပြုလုပ်ထားပြီး အဆိုပါနေရာသည်  ဒယ်ဂူမြို့၏ခရီးသွားများကို ဆွဲဆောင်ရာနေရာတစ်ခုအဖြစ် နှစ်နှစ်တိုင် ပြသခွင့်ရထားသည်။

ထိုအကြောင်းကို ကိုရီးယားသတင်းဌာန YTN ကဖော်ပြခဲ့ပြီး အမြင့်နှစ်မီတာ၊ အလျား ၃၃ မီတာရှည်သည့် အဆိုပါမြင်ကွင်းကျယ် ဆေးပန်းချီကို ဒယ်ဂူမြို့၏ ဒယ်ဆောင်မူလတန်းကျောင်း အပြင်ဘက်နံရံတွင် ရေးဆွဲထားခြင်းဖြစ်သည်။ Daleong Park ၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည့်အဆိုပါကျောင်းသည် V ငယ်စဉ်က တက်ခဲ့သည့် ကျောင်းလည်းဖြစ်သည်။

ရေးဆွဲထားသည့်ပုံများက V ကိုယ်တိုင်ရေးပြီး တစ်ကိုယ်တော်ဆိုထားသည့် သီချင်းများထဲမှ ၁၁ ပုဒ်ကို ထည့်ဆွဲထားပြီး နောက်ခံဒီဇိုင်းက ခရမ်းရောင် (V သည် IPurple You  ဟု မူပိုင်ပြောလေ့ရှိ)နှင့် V အနှစ်သက်ဆုံးပန်းချီဆရာ ဗန်ဂို၏ Starry Night ပန်းချီကားတို့ကို ပေါင်းစပ်ဖန်တီးထားသည်။

ထိုသရုပ်ဖော်မှုကို V မွေးနေ့အတွက် ၎င်း၏တရုတ်ပရိသတ်အုပ်စု China Baidu VBar က စီစဉ်ခဲ့ခြင်းဖြစ်ပြီး BTS အေဂျင်စီ Bighit Entertainment၊ ဒယ်ဆောင်မူလတန်းကျောင်းတို့နှင့်တိုင်ပင်ကာ ဒယ်ဂူအာဏာပိုင်အဖွဲ့၏ ခွင့်ပြုချက်ရယူပြီး ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဒယ်ဆောင်မူလတန်းကျောင်း၏ကျောင်းအုပ်က V သည် ကမ္ဘာ့အဆင့်မီ အဆိုတော်ဖြစ်သည့်အတွက် အကယ်၍ကျောင်းသားကျောင်းသူများက ထိုပုံများကိုမြင်လျှင် သူတို့မှာလည်း မျှော်လင့်ချက်၊ အိပ်မက်များပေါက်ဖွားလာနိုင်သည်ဟု မှတ်ချက်ပေးခဲ့သည်။ ထိုဆေးပန်းချီပုံများကို  ၂၀၂၃ ခုနှစ်မရောက်မချင်း ပြသသွားမည်လည်းဖြစ်သည်။

ဇန်နဝါရီ ၂ ရက်တွင် V ၏ အင်စတာဂရမ်အကောင့် ဖော်လိုဝါဦးရေသည် သန်း ၃၀ ကျော်သွားခဲ့သည်။ ပြီးခဲ့သည့်ဒီဇင်ဘာ ၆ ရက်က BTS အဖွဲ့ဝင်ခုနစ်ဦးစလုံး ကိုယ်ပိုင်အင်စတာဂရမ်အကောင့်များ ဖွင့်ခဲ့ကြပြီး တစ်လအတွင်း ဖော်လိုဝါသန်း ၃၀ ကျော်ရလာသည့် ပထမဆုံးအကောင့်က V ၏အကောင့်ဖြစ်သည်။

ထိုမျှမကသေး V သည် မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း အင်စတာဂရမ်ဖော်လိုဝါအများဆုံးရသူအဖြစ် ဂင်းနစ်စံချိန်နှစ်ခုလည်းတင်ထားသည်။ကမ္ဘာ့ဂင်းနစ်မှတ်တမ်းအဖွဲ့၏အတည်ပြုချက်အရ V သည် ၎င်း၏အင်စတာဂရမ်အကောင့် @thv တွင် အကောင့်ဖွင့်ပြီး ၄၃ မိနစ်အတွင်း ဖော်လိုဝါတစ်သန်း ပြည့်သွားကာ လေးနာရီနှင့် ၅၃ မိနစ်အတွင်း ဖော်လိုဝါ ၁၀ သန်းပြည့်သွားခဲ့သည်။

ယခင်စံချိန်တင်ထားသူက တစ်နာရီ ၄၅ မိနစ်အတွင်း ဖော်လိုဝါတစ်သန်းရခဲ့သူ ယောကျ်ားလေးအဆိုတော်အဖွဲ့ NCT မှ အဖွဲ့ဝင် Taeil ဖြစ်သည်။

၂၀၁၃ ခုနှစ် ဇွန် ၁၃ ရက်တွင် BTS အဖွဲ့စတင်ဖြစ်လာပြီးနောက်ပိုင်း အချိန်ရှစ်နှစ်အတွင်း ကိုယ်ပိုင်အင်စတာဂရမ်အကောင့် ပထမဆုံးအကြိမ် ဖွင့်လိုက်ခြင်းဖြစ်ပြီး နဂိုက အုပ်စုလိုက်အကောင့်တစ်ခုသာရှိကာ အေဂျင်စီကပင် ကိုင်တွယ်ထားသည်။ ထို့ပြင်ပရိသတ်များနှင့်ဆက်သွယ်ရန်တရားဝင် တွစ်တာအကောင့်များလည်းရှိပြီး ကိုရီးယားပလက်ဖောင်းတစ်ခုဖြစ်သည့် Weverse လည်း အသုံးပြုသည်။


READ NEXT
Cancel OK