Top News

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အာဆီယံ၏ အပြုသဘောဆောင်သည့် အကြံပြုချက်များကို အသေအချာ စဉ်းစားမည်ဖြစ်ကြောင်း ပြောကြား
24htopnews | November 29, 2024 4:13 PM CST

ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် မငြိမ်မသက်မှုများကို ဖြေရှင်းရန် နည်းလမ်းများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အာဆီယံ၏ အပြုသဘောဆောင်သည့် အကြံပြုချက်များကို အသေအချာ စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံတော်ရဲ့ အကျိုးစီးပွားတွေနဲ့ ကိုက်ညီပြီး အာဆီယံက ထိန်းသိမ်းထားတဲ့ ရည်ရွယ်ချက်တွေနဲ့ သဘောတရား စည်းမျဉ်းတွေကို အခြေခံထားခဲ့မယ်ဆိုရင် အကြံပြုချက်တွေကို အပြုသဘောဆောင်ပြီး စဉ်းစားမှာ ဖြစ်ပါတယ်”ဟု ဧပြီ ၂၇ ရက်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်သည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အကြမ်းဖက်များ အဆုံးသတ်သွားစေရန်နှင့် မြန်မာနိုင်ငံ၏ အပြိုင်ဖြစ်နေသည့်ဘက်များအကြား အပြန်အလှန် ဆွေးနွေးမှုကို မြှင့်တင်ရန် ဘုံသဘောတူညီချက်ဟု ခေါ်ဆိုသော အချက် ငါးချက်ကို အာဆီယံက ထုတ်ပြန်ခဲ့သည်။

အဆိုပါအချက် ငါးချက်မှာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရေးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်၊  မြန်မာပြည်သူများ အကျိုးစီးပွားနှင့် ကိုက်ညီသော အေးချမ်းသည့် ရလဒ်အဖြေတစ်ခု ထွက်ပေါ်လာရေး သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းများ အားလုံးအကြား အပြုသဘော ဆောင်သည့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ကြရန် ဖြစ်သည်။

၎င်းအပြင် အာဆီယံအတွင်းရေးမှူးချုပ်၏ ကူညီမှုနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က အဆိုပါ ညှိနှိုင်းဆွေးနွေးမှုတွင် ကြားဝင်စေ့စပ်ပေးရန်၊ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဌာနမှတစ်ဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အာဆီယံ က ပေးရန်၊ အာဆီယံ အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရန်တို့လည်း ပါဝင်သည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ၀ိုင်းဝန်းဖြေရှင်းပေးရန် အာဆီယံ ကိုယ်စားလှယ်အဖွဲ့ လာရောက်မည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကန့်ကွက်ကြောင်း ဧပြီ ၂၄ ရက်တွင်  ဂျကာတာ၌ ပြုလုပ်သည့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် ပြောဆိုကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း ပြောကြားခဲ့သည်။

အာဆီယံ၏ တောင်းဆိုချက်အပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံ ကိုယ်စားလှယ်အဖွဲ့ လာရောက်မှု သို့မဟုတ် လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးမှုကို ၎င်းအနေဖြင့် မကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု အစည်းအဝေးအပြီးတွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း က သတင်းထောက်များအား ပြောကြားသည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ အခြေအနေများနှင့် ပတ်သက်၍ မည်သည့်အရာများက ယခုအခြေအနေကို တွန်းပို့ခဲ့သည်ကို ရှင်းလင်းပြောဆိုခဲ့သည်ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။

အကြိုတွေ့ဆုံမှုများ၌ ဆွေးနွေးခဲ့သည့် အဆိုပြုချက် တစ်ရပ်တွင် လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ဘရူနိုင်းဝန်ကြီးချုပ် ဟက်ဆန်နယ်ဘိုကီယာအနေဖြင့် တပ်မတော် ခေါင်းဆောင်ပိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အဖွဲ့တို့ အပြန်အလှန်ဆွေးနွေးမှု ဖြစ်ပေါ်ရေး တွန်းအားပေးရန်အတွက် မြန်မာနိုင်ငံသို့ သွားရောက်တွေ့ဆုံရေး ပါဝင်နေသည်။

ယင်းအဆိုပြုချက်တွင် မြန်မာနိုင်ငံက သဘောတူမည်ဆိုပါက ဘရူနိုင်းဝန်ကြီးချုပ်နှင့်အတူ အာဆီယံ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည့် ဘရူနိုင်းနိုင်ငံမှပင်ဖြစ်သော လင်ဂျော့ဟွိုင်လည်း လိုက်ပါမည် ဖြစ်ကြောင်း အမည်မဖော်လိုသည့် အာဆီယံ သံတမန်တစ်ဦးက AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

အခြေအနေများ တိုးတက်မှုရှိပါက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ပေးအပ်သွားဖွယ်ရှိသည်ဟု အခြားသံတမန်တစ်ဦးက ပြောကြားခဲ့သည်။

Ref: AP, Reuters


READ NEXT
Cancel OK