Top News

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟက်ဆန်ဝီရာဂျူဒါကို အဆိုပြုရန် ဘရူနိုင်း ဆန္ဒရှိနေ
24htopnews | November 29, 2024 4:13 PM CST

မြန်မာနိုင်ငံအတွက် ခန့်အပ်မည့် အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟက်ဆန်ဝီရာဂျူဒါကို အဆိုပြုရန် လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံက စဉ်းစားထားကြောင်း ဧပြီ ၂၆ ရက်က Nikkei Asia သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

မစ္စတာ ဝီရာဂျူဒါသည် ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ယင်းအဆိုပြုချက်အတွက် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများကိုလည်း အကြောင်းကြားထားပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လက်ခံခြင်း ရှိ မရှိ သိရှိရခြင်း မရှိသေးဘဲ စင်ကာပူနှင့် ထိုင်းဘက်က အဆိုပြုခံရသူများလည်း ရှိထားကြောင်း သိရသည်။ 

ဧပြီ ၂၄ ရက်က ဂျကာတာ၌ ပြုလုပ်ခဲ့သည့် မြန်မာ့အရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှ  ထွက်ပေါ်လာသော ဘုံသဘောတူညီချက် ငါးချက်အရ အာဆီယံ အထူးကိုယ်စားလှယ်သည် အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi (လင်ဂျော့ဟွိုင်) ၏ အကူအညီဖြင့် မြန်မာနိုင်ငံက ညှိနှိုင်းဆွေးနွေးရေး လုပ်ငန်းစဉ်တွင် ကြားဝင်စေ့စပ်ပေးရမည် ဖြစ်သည်။ မစ္စတာလင် မှာ ဘရူနိုင်းနိုင်ငံ ကုန်သွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဟောင်း တစ်ဦးလည်း ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် မစ္စတာဝီရာဂျူဒါ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူနေစဉ် ကပ္ပလီပင်လယ်၌ ဘင်္ဂါလီ ဒုက္ခသည်များ  ကယ်တင်လိုက်ပြီးနောက် ဝီရာဂျူဒါက ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို ရှုတ်ချခဲ့ဖူးသည်။

အသက် ၇၂ နှစ်အရွယ် ဝီရာဂျူဒါသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတအကြံပေး ကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းအနေဖြင့် ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ရွေးကောက်ပွဲ ၊ ဒီမိုကရေစီနှင့် လုံခြုံရေးဆိုင်ရာ ဂလိုဘယ်ကော်မရှင်၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

ထို့ပြင် ၎င်းအနေဖြင့် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌ၏ အဆင့်မြင့်အကြံပေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဖြစ်မလာမီ မစ္စတာဝီရာဂျူဒါသည် အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်ကို တည်ထောင်ရာတွင် အခရာကျခဲ့သူလည်း ဖြစ်ပြီး ၎င်းသည် ဖိလစ်ပိုင်အစိုးရနှင့် MLF ခွဲထွက်ရေး အဖွဲ့အကြား၊ အင်ဒိုနီးရှားအစိုးရနှင့် အာချေးဒေသ လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကြားဝင် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

လူ့အခွင့်အရေးကို အခိုင်အမာ အားပေးထောက်ခံသူအဖြစ် လူသိထင်ရှားသည့် Wirajuda သည် ဟားဗတ်နှင့်  အောက်စ်ဖို့ တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သူလည်း ဖြစ်သည်။                           

Ref: Nikkei Asia


READ NEXT
Cancel OK