Top News

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော NSPC နှင့် DKBA အဖွဲ့တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး
24htopnews | November 29, 2024 4:13 PM CST

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနတွင် ယနေ့(ဧပြီ ၂၆ ရက်)တွင် အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် NCA ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင်လက်နက်ကိုင်အဖွဲ့(DKBA) အဖွဲ့တို့ တွေ့ဆုံညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့သည်။

NSPC နှင့် DKBA တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်လက်နက်ကိုင်အဖွဲ့ (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားခဲ့သည်။

“နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ လမ်းပြမြေပုံငါးချက်နဲ့ ဦးတည်ချက် ၉ ရပ် ချမှတ်ပြီးတော့ ဆောင်ရွက်လျက်ရှိတယ်။ ပထမဆုံး ရှေ့လုပ်ငန်းစဉ်ငါးရပ်မှာ တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေး ရရှိဖို့အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါ သဘောတူညီချက်အတိုင်း ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်မယ်ဆိုတဲ့ အချက်က ကျွန်တော်တို့ လုပ်ငန်းစဉ်မှာ ပါဝင်ပါတယ်။ အဲ့တော့ နိုင်ငံရေးဦးတည်ချက်မှာလည်း တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ဦးတည်ပြီးတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါအတိုင်း အလေးထား ဆောင်ရွက်မယ်ဆိုတဲ့ ဦးတည်ချက် ချမှတ်ပြီးတော့မှ NCA ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်တာ တွေ့ရပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်တည်ငြိမ်ဖို့၊ နိုင်ငံတော်ငြိမ်းချမ်းဖို့၊ အမျိုးသား ရင်ကြားစေ့ရေးမှတဆင့် အမျိုးသား စည်းလုံးညီညွှတ်ရေး ရရှိအောင် NCA အတိုင်းပဲ ကျွန်တော်တို့က အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု NSPC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

နိုင်ငံတော်တည်ငြိမ်ရေး၊ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးမှတဆင့် အမျိုးသား စည်းလုံးညီညွှတ်ရေး ရရှိရန် NCA အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်ရန် လိုအပ်သလို အမျိုးသား ရင်ကြားစေ့ရေးမှတဆင့် အမျိုးသား စည်းလုံးညီညွှတ်ရေး ရရှိရန်၊ COVID-19 ကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် ဆောင်ရွက်သွားရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

“ဒီနေ့ အစည်းအဝေးမှာ DKBA အဖွဲ့အနေနဲ့ နိုင်ငံတော်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးမှ တဆင့် အမျိုးသား စည်းလုံးညီညွှတ်ရေးရရှိအောင် နှစ်ဦးနှစ်ဖက် ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာအောင် ညှိနှိုင်းဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မယ့် အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးသွားကြဖို့ လိုကြောင်း ပြောကြားလိုပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

ဒေသတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး စသည့်လုပ်ငန်းများကို အတူတကွဆောင်ရွက်မည်ဟု Bilateral တွင် လက်မှတ်ရေးထိုးထားပြီး နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုများ ရှိနေသော်လည်း မိမိတို့၏ ခံယူချက်သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်တွင် အစိုးရနှင့် လက်မှတ်ရေးထိုးထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်နေကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင်လက်နက်ကိုင်အဖွဲ့(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးက ပြောကြားသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်သွားမယ့်ခရီးက အရေးကြီးတယ်။ ကျန်ခဲ့တဲ့ မနေ့က အနေအထားက ပြီးသွားပြီ။ ရှေ့ဆက်မယ့် အခြေအနေက ကျွန်တော်တို့အတွက် အရေးကြီးတယ်။ အဲ့တာကြောင့် ဒီငြိမ်းရေးဖြစ်စဉ် သွားမယ့် တောက်လျောက် တောက်လျောက်မှာ ကျွန်တော်တို့က ဒီလမ်းကြောင်း ပေါ်ကနေပြီးတော့ ဘယ်တော့မှ အောက်မဆင်းဘူး။ ကျန်တဲ့သူတွေလည်း လိုက်ပါလာဖို့လိုတယ်” ဟု ဗိုလ်ချုပ်ကြီးစောမိုရှေးက ပြောကြားသည်။

NSPC အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဖြစ်သည့်အတွက် အခြားသော ကျန်ရှိနေသည့် အဖွဲ့များလည်း လာရောက်နိုင်အောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အမြန်ဆုံး အတူတကွ ဆောင်ရွက်နိုင်ပါစေကြောင်းလည်း ဗိုလ်ချုပ်ကြီးစောမိုရှေးက ပြောကြားသည်။

 


READ NEXT
Cancel OK