Top News

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာဆီယံအစည်းအဝေးက ထွက်ပေါ်လာမည့်ရလဒ်ကို လုံခြုံရေးကောင်စီက စောင့်မျှော်နေကြောင်း အမေရိကန်သံအမတ် ပြောကြား
24htopnews | November 29, 2024 4:12 PM CST

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာဆီယံအစည်းအဝေးက ထွက်ပေါ်လာမည့်ရလဒ်ကို လုံခြုံရေးကောင်စီက စောင့်မျှော်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဧပြီ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပမည့် အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ရည်ညွှန်းပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

"မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံအစည်းအဝေးက ထွက်ပေါ်လာမယ့်ရလဒ်ကို လုံခြုံရေးကောင်စီက စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်" ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဧပြီ ၂၀ ရက်၌ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ခြိမ်းခြောက်မှုများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် နောက်ဆုံးတာဝန်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပေါ်တွင် ကျရောက်နေကြောင်းကိုလည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ပြောကြားထားသည်။

ထို့ကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချက်ချင်း အရေးပေါ်အာရုံစိုက်ရန် လိုအပ်နေသည့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး အာဆီယံအစည်းအဝေးက ထွက်ပေါ်လာမည့် ရလဒ်ကို စောင့်မျှော်နေခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းအနေဖြင့် ဧပြီ ၂၄ ရက် အစည်းအဝေးကို တရားဝင်ထုတ်ပြန် ကြေညာထားပြီး ယင်းအစည်းအဝေးကို ဂျာကာတာရှိ အာစီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပရန် စီစဉ်ထားသည်။

ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပမည့် အာဆီယံ ခေါင်းဆောင်များ၏ အထူးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည် ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး (ဒါတက်ဆရီဟစ်ရှမ်းမတ်ဒင်တန်းဟူဆိန်) Datuk Seri Hishammuddin Tun Hussein) က ဧပြီ ၂၀ ရက်တွင် ပြောကြားသည်။

အာဆီယံ ခေါင်းဆောင်များ၏ အထူးအစည်းအဝေးသည် မြန်မာနိုင်ငံတွင် ရင်ကြားစေ့နိုင်မည့် အနေအထားကို အဆုံးအဖြတ်ပေးသွားလိမ့်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Tan Sri Sayed Hamid Alba က ပြောကြားထားသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အာဆီယံအနေဖြင့် အဖွဲ့ဝင် မြန်မာနိုင်ငံအား သွေးထွက်သံယိုဖြစ်မှု အခြေအနေများမှ ရုန်းထွက်နိုင်စေမည့် နည်းလမ်းကို ကြိုးစားရှာဖွေလျက် ရှိသော်လည်း အခြားတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ရဆိုသည့် အာဆီယံအဖွဲ့၏ မူကြောင့် တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းရှိမှုမှာ အကန့်အသတ် ရှိနေသည်။


READ NEXT
Cancel OK