Top News

ဆောင်းဟေကိုက ဟောင်ကောင်ဒါရိုက်တာ ဝမ်ကားဝေ၏ ရုပ်ရှင်စတူဒီယိုနှင့် စာချုပ်ချုပ်ဆို
24htopnews | November 28, 2024 5:12 PM CST

ကိုရီးယားအမျိုးသမီး သရုပ်ဆောင် ဆောင်းဟေကိုက ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံတွင် အနုပညာအလုပ်များ ပိုမိုချဲ့ထွင်မည့် ခြေလှမ်းတစ်ခုအဖြစ် နာမည်ကြီးဒါရိုက်တာ ဝမ်ကားဝေ ထူထောင်ထားသည့် ရုပ်ရှင်စတူဒီယိုနှင့် စာချုပ်ချုပ်ဆိုခဲ့သည်ဟု တရုတ်မီဒီယာတစ်ခုတွင် ဖော်ပြခဲ့သည်။ ဆောင်းဟေကိုသည် ဧပြီ ၁၄ ရက်တွင် ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲသို့ တက်ရောက်စဉ်အတွင်း  ဟောင်ကောင်အခြေစိုက် ထုတ်လုပ်ရေးကုမ္ပဏီ Jet Tone Filmsနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။

Leung Chu-wai, Maggie Cheung အစရှိသည့် နာမည်ကြီး ဟောင်ကောင်သရုပ်ဆောင်များနှင့် တရုတ်သရုပ်ဆောင်များ၏ အနုပညာအလုပ်များကို စီမံခန့်ခွဲပေးသည့် Jet Tone Films စတူဒီယိုက ဆောင်းဟေကို၏ စာချုပ်ချုပ်ဆိုမှုကို လှိုက်လှဲစွာ ကြိုဆိုကြောင်း ဝေပိုတွင် ရေးသားခဲ့သည်။

ဆောင်းဟေကိုသည် ဒါရိုက်တာဝမ်ကားဝေရိုက်ကူးသည့် The Grandmaster ဇာတ်ကားတွင် Tony Leungနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည်။

“ဝမ်ကားဝေနဲ့ ကျွန်မက ခင်မင်ရင်းနှီးပြီးသား မိတ်ဆွေတွေပါ။ အနာဂတ်မှာ နာမည်ကြီး တရုတ်ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ ဇာတ်ကားတွေ အတူရိုက်ကူးဖို့ အခွင့်အလမ်းကောင်းတွေ အများကြီး ရတော့မယ်လို့ ကျွန်မယုံကြည်တယ်” ဟု ဆောင်းဟေကိုက ပြောကြားခဲ့သည်။

​​​​အသက် ၃၇ နှစ်အရွယ်ရှိ ဆောင်းဟေကိုသည် Autumn in My Heart, All In, Full House, Descendants of the Sun စသည့် ဇာတ်လမ်းတွဲများဖြင့် ထိပ်တန်းသရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

ဆောင်းသည် The Queens အပါအဝင် တရုတ်ဇာတ်ကားများစွာတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဆောင်းသည် ၂၀၁၆ ခုနှစ်တွင် Descendants of the Sun ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ပြီးနောက် ယင်းဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ခဲ့သည့် ဆောင်ဂျွန်ကီနှင့် တွဲနေသည်ဟု အတည်ပြုခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် လက်ထပ်ခဲ့သည်။

ဆောင်းဟေကိုသည် အနုပညာအလုပ်များကို နှစ်နှစ်ကြာရပ်နားခဲ့ပြီး Encounter ဇာတ်လမ်းတွဲတွင် ပါဝင်၍ ဇာတ်လမ်းတွဲရိုက်ကူးမှုကို ပြန်လည်စတင်ခဲ့သည်။

ဆောင်းဟေကိုသည် Forbes မဂ္ဂဇင်းက ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်သည့် သြဇာလွှမ်းမိုးမှုအရှိဆုံး ကိုရီးယားအနုပညာရှင် စာရင်းတွင် နံပါတ်ခြောက် နေရာ၌ ဖော်ပြခံခဲ့ရသည်။


READ NEXT
Cancel OK