Top News

စင်ကာပူမဟာသင်္ကြန်ပွဲတော် ဂီတဖျော်ဖြေပွဲတွင် တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်နှင့် Frenzo Artist များ ပါဝင်ဖျော်ဖြေမည်
24htopnews | November 28, 2024 5:12 PM CST

စင်ကာပူမဟာသင်္ကြန်ပွဲတော် ဂီတဖျော်ဖြေပွဲတွင် တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်နှင့် Frenzo Artist များ ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။ ယင်းဂီတဖျော်ဖြေပွဲကို ဧပြီ ၂၁ ရက်တွင် The Lawn@ Marina Bay ၌ ပြုလုပ်မည်ဖြစ်ကာ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ Snare၊ G-Fatt တို့ ပါဝင်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေပွဲအတွက် လက်မှတ်များအားလည်း ကြိုတင်ရောင်းချထားကာ Free Standing အဖြစ် စင်ကာပူဒေါ်လာ ၁၀ ဒေါ်လာဟု သတ်မှတ်ထားကြောင်းသိရသည်။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ခံစားမှုရသများဖြင့် ကျင်းပမည်ဖြစ်ကာ ဂီတဖျော်ဖြေမှု အစီအစဉ်များတွင် Frenzo Artist များက တင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“စင်ကာပူမှာကျင်းပမယ့် သင်္ကြန်ပွဲတော်မှာ ကျွန်တော်တို့ Frenzo Artist တွေ သွားရောက်ဖျော်ဖြေပါမယ်။ စင်ကာပူက ပရိသတ်တွေ၊ အကြောင်းကြောင်းကြောင့် မြန်မာသင်္ကြန်ပွဲကို လာမနွှဲဖြစ်တဲ့ စင်ကာပူ ရောက်ရှိနေတဲ့ မြန်မာတွေအတွက် ပျော်ရွှင်ရမယ့် ပွဲတစ်ပွဲဖြစ်မှာပါ။ အားလုံးအတူတူ ဆုံတွေ့ချင်ပါတယ်” ဟု တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်က ဆိုသည်။

တေးသံရှင်ဖြိုးလေး(Snare)ကလည်း “သင်္ကြန်ကတော့ MRTV 4 မဏ္ဍပ်မှာ ဖျော်ဖြေခဲ့တယ်။ ပရိသတ်တွေအများကြီးလည်း လာအားပေးကြတော့ အရမ်းပျော်စရာကောင်းပါတယ်။ Black Jack မဏ္ဍပ်မှာလည်း အကြတ်နေ့မှာ သွားဖျော်ဖြေကြတယ်။ ပြီးတော့ သင်္ကြန်ရေကစားကြတယ်။ အခုနှစ်သင်္ကြန်က ဖျော်ဖြေရေးတွေနဲ့ပဲ ဖြတ်သန်းရတယ်ဆိုပေမဲ့ အရမ်းပျော်စရာကောင်းပါတယ်။ ဧပြီ ၂၁ မှာလုပ်မယ့် စင်ကာပူကသင်္ကြန်ပွဲတော်မှာလည်း သွားဖျော်ဖြေပါမယ်။ ကျွန်တော်တို့ Frenzo Artist တွေ ဖျော်ဖြေကြမှာပါ။ ကျွန်တော်တို့ Snare အဖွဲ့ရဲ့ ဖျော်ဖြေမှုတွေအပြင် အခြားသူတွေနဲ့လည်း ပူးပေါင်းဖျော်ဖြေမှုတွေလည်း လုပ်ကြမှာပါ။ ပျော်စရာကောင်းတဲ့ ပွဲလေးဖြစ်မယ်လို့လည်း ယုံပါတယ်။ စင်ကာပူက ဘော်ဒါတွေ ပရိသတ်တွေအားလုံးနဲ့လည်း တွေ့ဆုံချင်ပါတယ်” ဟု ဆိုသည်။

စင်ကာပူမဟာသင်္ကြန်ပွဲတော် ဂီတဖျော်ဖြေပွဲကို Myanmar Club Singapore က ဦးဆောင်ကျင်းပခြင်းဖြစ်ကာ လက်မှတ်ဝယ်ယူထားသူလည်း များပြားလျက်ရှိကြောင်း သိရသည်။ ယင်းဂီတဖျော်ဖြေပွဲနှင့် သင်္ကြန်ပွဲတော် ဖျော်ဖြေရေးအစီအစဉ်များအား ဧပြီ ၂၁ ရက် တစ်ရက်တာလုံးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်သည် သင်္ကြန်ကာလအတွင်းတွင် မန္တလေးနှင့် ရန်ကုန်မြို့များတွင် ဖျော်ဖြေခဲ့ပြီး ရုပ်ရှင်ရိုက်ကူးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK