Top News

BTS အဖွဲ့က Boy With Luv သီချင်းဗီဒီယိုဖြင့် ဂင်းနက်စ်စံချိန်သစ်များတင်
24htopnews | November 28, 2024 5:12 PM CST

ကေပေါ့ပ်အမျိုးသားအဆိုတော်အဖွဲ့ BTS သည် Boy With Luv အမည်ရ သီချင်း ဗီဒီယိုအသစ်ဖြင့်  ဂင်းနက်စ်တွင် စံချိန်သစ် သုံးခုတင်ခဲ့သည်ဟု  Guinness World Records အဖွဲ့က ဧပြီ ၁၈ ရက်တွင်ထုတ်ပြန်ခဲ့သည်။

အမေရိကန်အဆိုတော်ဟယ်ဆေ ပါဝင်သီဆိုထားသည့် ယင်းသီချင်းဗီဒီယိုကို ဧပြီ ၁၂ ရက်တွင် You Tube ၌ ဖြန့်ချိခဲ့ရာ၂၄ နာရီအတွင်း ကြည့်ရှုမှု အကြိမ်အရေအတွက် ၇၄.၆ သန်း ရရှိခဲ့သည်။

BTS အဖွဲ့၏ အသစ်ထွက်ရှိသည့် အယ်လ်ဘမ်တွင်ပါဝင်သည့် ယင်းသီချင်း ဗီဒီယိုသည်  You Tube တွင်ဖြန့်ချိပြီး ၂၄ နာရီအတွင်း ကြည့်ရှုမှုအများဆုံးဗီဒီယို၊ You Tube တွင် ၂၄ နာရီအတွင်းကြည့်ရှုမှု အများဆုံး သီချင်းဗီဒီယိုနှင့် ကေပေါ့ပ်အဖွဲ့အတွက် You Tube တွင် ၂၄ နာရီအတွင်း ကြည့်ရှုမှုအများဆုံး သီချင်းဗီဒီယိုအဖြစ် စံချိန်သစ်သုံးခု တင်ခဲ့သည်ဟု Guinness World Records က Twitter မှ တစ်ဆင့် ထုတ်ပြန်ခဲ့သည်။

“BTS အဖွဲ့ကို Guinness World Records မိသားစုဝင်အဖြစ် ဂုဏ်ပြုပါတယ်”  ဟု ယင်းအဖွဲ့အစည်း၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

ဂင်းနက်စ်မှတ်တမ်းတွင်  အရီယာနာဂရန်ဒီ၏ thank u , next သီချင်းဗီဒီယိုက ကြည့်ရှုမှုအရေအတွက် ၅၅.၄ သန်းဖြင့်လည်းကောင်း၊ BTS ၏  IDOL သီချင်းဗီဒီယိုက ကြည့်ရှုမှုအရေအတွက် ၄၅ သန်းဖြင့် လည်းကောင်း၊ တေလာဆွစ်၏ Look What You Made Me Do သီချင်းဗီဒီယိုက ကြည့်ရှုမှုအရေအတွက် ၄၃.၂ သန်းဖြင့် လည်းကောင်း၊ PSY ၏ Gentleman သီချင်း ဗီဒီယိုက ကြည့်ရှုမှုအရေအတွက် ၃၈ သန်းဖြင့်လည်းကောင်း ၂၄ နာရီ အတွင်း ကြည့်ရှုမှုအများဆုံးသီချင်း ဗီဒီယိုများအဖြစ် စံချိန်တင်ခဲ့ဖူးသည်။

BTS အဖွဲ့သည်  လန်ဒန်ရှိ  O2 အားကစားကွင်းနှင့် နယူးယောက်ရှိ Citi Field အားကစားကွင်းတို့တွင် လက်မှတ်လက်ကျန် မရှိ ရောင်းချနိုင်ခဲ့သည့် ဖျော်ဖြေပွဲများဖြင့် နိုင်ငံတကာပရိသတ်များကို အံ့အားသင့်အောင် လုပ်ဆောင်ဦးမည်ဟု Guinness World Records က ထုတ်ပြန်ခဲ့သည်။

ဧပြီ ၁၂ ရက်က ဖြန့်ချိခဲ့သည့် BTS အ ဖွဲ့၏ Map of the Soul: Persona  အယ်လ်ဘမ်သည် ဖြန့်ချိပြီး ခုနစ်ရက်အတွင်းချပ်ရေ ၂.၁၃ သန်းကျော် ရောင်းချနိုင်ခဲ့သည်ဟု ယင်းအဖွဲ့၏အေဂျင်စီ  Big Hit Entertain-ment က ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။


READ NEXT
Cancel OK