Top News

အဒဲလ်က ခင်ပွန်းနှင့် လမ်းခွဲလိုက်ကြောင်း ထုတ်ပြန်
24htopnews | November 28, 2024 5:12 PM CST

ဗြိတိန်ပေါ့ပ်အဆိုတော် အဒဲလ်က ခင်ပွန်းဖြစ်သူ ဆိုင်မွန်ကွန်နက်ကီနှင့် လမ်းခွဲလိုက်ပြီဟု ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ် ဘန်နီတရန်တီနီက ထုတ်ပြန်ခဲ့သည်။

“အဒဲလ်နဲ့ သူ့ခင်ပွန်းတို့ လမ်းခွဲလိုက်ကြပါပြီ။ သူတို့ရဲ့သား အင်ဂျလိုကို နှစ်ဦးအတူ ပြုစုစောင့်ရှောက်မှာပါ။ သူတို့နှစ်ဦးက ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် တောင်းဆိုထားတယ်။ လမ်းခွဲတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ ထပ်ပေးတော့မှာ မဟုတ်ပါဘူး” ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အဒဲလ်သည် ၎င်း၏ အချစ်ရေးအကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ကွန်နက်ကီနှင့် လက်ထပ်ခဲ့သည့်အကြောင်းကို ၂၀၁၇ ခုနှစ် ဂရမ်မီဆုပေးပွဲတွင် အတည်ပြုခဲ့သည်။ ကွန်နက်ကီနှင့် ငါးနှစ်ကြာတွဲခဲ့ပြီး၂၀၁၆ ခုနှစ်တွင် လက်ထပ်ခဲ့သည်ဟု အဒဲလ်က ပြောကြားခဲ့သည်။ ၎င်းတို့၏သား အင်ဂျလိုကို ၂၀၁၂ ခုနှစ်တွင် မွေးဖွားခဲ့သည်။

ကွန်နက်ကီသည် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် Life Water ရေသန့်ဘူးကုမ္ပဏီကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည်။ ၎င်းသည် နိုင်ငံများတွင် ရေသန့်အကူအညီလိုအပ်သူများကို ကူညီထောက်ပံ့ပေးသည့် Drop4Drop ပရဟိတအဖွဲ့ကို ဦးစီးလုပ်ကိုင်နေသူလည်း ဖြစ်သည်။

လန်ဒန်တွင်မွေးဖွားခဲ့သည့် အဒဲလ်သည် ၁၉၊ ၂၁ နှင့် ၂၅ အယ်လ်ဘမ်များဖြင့် အောင်မြင်ခဲ့ပြီး ဂရမ်မီဆု စုစုပေါင်း ၁၅ ဆုရရှိခဲ့သည်။ အဒဲလ်၏အယ်လ်ဘမ်များသည် အမေရိကန်နှင့် ဗြိတိန်အပါအဝင် နိုင်ငံ ၃၀ ၏ သီချင်းရောင်းချမှုစာရင်းများတွင် နံပါတ် (၁) အဖြစ် ဖော်ပြခံခဲ့ရသည်။ ၂၀၁၃ ခုနှစ် အော်စကာဆုပေးပွဲတွင် SkyFall သီချင်းဖြင့် Best Original Song ဆုကို ရရှိခဲ့သည်။

ရောင်းအားအကောင်းဆုံးစာရင်းဝင် အဆိုတော်တစ်ဦးဖြစ်သည့် အဒဲလ်သည် ၂၀၁၈ ခုနှစ်တွင် ပိုင်ဆိုင်မှု ပေါင် ၁၄၇.၅ သန်းဖြင့် အသက် ၃၀ အောက် အချမ်းသာဆုံး ဗြိတိန်အနုပညာရှင်အဖြစ် ဖော်ပြခံခဲ့ရသည်။


READ NEXT
Cancel OK