Top News

R ဇာနည်၊ Big Bag ၊ ဝေလ၊ သာဒီးလူ၊ လှိုင်ဦးမော်၊ အိမ့်ချစ်တို့ပါဝင်တင်ဆက်မည့် ဂီတဖျော်ဖြေပွဲ မြိတ်မြို့တွင်ကျင်းပမည်
24htopnews | November 28, 2024 5:12 PM CST

တေးသံရှင် R ဇာနည်၊ Big Bag ၊ ဝေလ၊ သာဒီးလူ၊ လှိုင်ဦးမော်၊ အိမ့်ချစ်တို့ ပါဝင်တင်ဆက်မည့် The Evolution ဂီတဖျော်ဖြေပွဲအား ဧပြီ ၂၇ ရက်တွင် မြိတ်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်းဂီတ ဖျော်ဖြေပွဲကို မြိတ်မြို့ ကမ်းနားလမ်းသဲကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ The Evolution ဂီတဖျော်ဖြေပွဲများအား မြို့ကြီးများ၌ လှည့်လည်ကျင်းပနေခြင်းဖြစ်ကာ ယခုတစ်ကြိမ်တွင် မြိတ်မြို့၌ ကျင်းပရန်စီစဉ်ထားခြင်း ဖြစ်သည်။

The Evolution ဂီတဖျော်ဖြေပွဲကို မြိတ်မြို့မှာ ကျင်းပဖို့ရှိပါတယ်။ အဲဒီပွဲမှာ ကျွန်တော်လည်း ပါဝင်သီဆိုသွားပါမယ်။ မြိတ်မြို့က ဘော်ဒါတွေအားလုံးလည်း ပျော်ပျော်ပါးပါး လာရောက်ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်နဲ့ Runner Band  နဲ့အတူ တေးသီချင်းများစွာ ဖျော်ဖြေသွားပါမယ်။ လာရောက်အားပေးကြပါဦးဟု တေးသံရှင်ဝေလက ဆိုသည်။

တေးသံရှင်အိမ့်ချစ်ကလည်း “အိမ့်ချစ်တို့ မြန်မာနှစ်သစ်မှာ ပရိသတ်များအားလုံး လိုအင်ဆန္ဒတွေပြည့်ဝစေဖို့ ဆုတောင်းပါတယ်။ လောလောဆယ်တော့ ရှိုးဆိုဖို့စီစဉ်ထားတာတွေ ရှိပါတယ်။ မြိတ်မြို့မှာကျင်းပသွားမယ့် The Evolution ဂီတပွဲတော်မှာ အိမ့်ချစ်က တေးသံရှင်အစ်ကိုတွေနဲ့အတူ ဖျော်ဖြေတင်ဆက်သွားပါမယ်။ မြိတ်မြို့က ပရိသတ်တွေနဲ့ ဆုံတွေ့ခွင့်ရမှာဖြစ်တာကြောင့်လည်း အရမ်းပဲပျော်ပါတယ်။ သီချင်းတွေ အများကြီးဆိုဖို့လည်း စီစဉ်ထားပါတယ်။ အားလုံးပဲ လာရောက်အားပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်ဟုပြောကြားသည်။

The Evolution ဂီတဖျော်ဖြေပွဲအား ညနေပိုင်းတွင် တင်ဆက်သွားမည်ဖြစ်ပြီး ပါဝင်မည့် တေးသံရှင်များက ထင်ရှားသည့် တေးသီချင်းများစွာဖြင့် ဖျော်ဖြေတင်ဆက်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဖျော်ဖြေမှုတွင် တေးသံရှင်များက အပိုင်းများခွဲ၍ မြူးကြွသည့် တင်ဆက်မှုများဖြင့် ပါဝင်မည်ဖြစ်သည်။ The Evolution ဂီတဖျော်ဖြေပွဲများအား မော်လမြိုင်၊ မုံရွာ၊ ပြည်၊ တောင်ကြီးမြို့များ၌ ဖျော်ဖြေခဲ့ပြီးဖြစ်ကာ ယခုတစ်ကြိမ်တွင် မြိတ်မြို့၌ ဖျော်ဖြေတင်ဆက်ရန်စီစဉ်ထားခြင်း ဖြစ်သည်။ မြိတ်မြို့၌ ဖျော်ဖြေတင်ဆက်မည့် The Evolution ဂီတဖျော်ဖြေပွဲတွင် တေးသံရှင်များနှင့် ရင်းနှီးစွာတွေ့ဆုံနိုင်မည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကာ ယင်းအစီအစဉ်များအတွက် ပါဝင်လိုသူများကိုလည်း လုပ်ဆောင်နိုင်မည့်နည်းလမ်းများအား The Evolution Facebook  Page တွင် လွှင့်တင်ပေးထားကြောင်း သိရသည်။


READ NEXT
Cancel OK