Top News

ဂီတပရိသတ် အခိုင်အမာရရှိထားသူ တေးသံရှင်ဖြိုးလေး Snare ငယ်စဉ်ဘဝ အမှတ်တရ ဖြတ်သန်းရာ
24htopnews | November 28, 2024 5:12 PM CST

ဟစ်ဟော့ပ်ဂီတလောကထဲမှာ အခိုင်အမာရပ်တည်နေပြီး ဘဝ၊ ဒဿန၊ လူငယ်တွေကြားက အကြောင်းအရာတွေကို ပီပြင်တဲ့ စာသားတွေအဖြစ် ပြောင်းလဲဖွဲ့ဆိုတတ်သူတစ်ဦးက Snare ဂီတအဖွဲ့ဝင်ဖြစ်တဲ့ တေးသံရှင်ဖြိုးလေးဖြစ်ပါတယ်။ ငယ်စဉ်အချိန်ကတည်းက ဂီတကိုရူးသွပ်ခဲ့သလို ဂီတနဲ့ပတ်သက်တဲ့ အားထုတ်မှုတွေကို တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့ရင်း လက်ရှိမှာတော့ ပရိသတ် အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ အခက်အခဲတွေ၊ ရုန်းကန်ရတာတွေ ရှိခဲ့ပေမယ့် ဂီတအလုပ်တွေ လုပ်နေရရင်ပျော်တယ်လို့ဆိုတဲ့ တေးသံရှင်ဖြိုးလေးပြောပြတဲ့ ငယ်စဉ်ဘဝ အမှတ်တရတချို့ကို ပြန်ပြီးလက်ဆင့်ကမ်း မျှဝေပေးချင်ပါတယ်။

တေးသံရှင်ဖြိုးလေး(Smare) က မတ် ၂၁ ရက်မှာ မွေးဖွားခဲ့သလို နာမည်ရင်းက ဖြိုးဝေမြင့်ဖြစ်ပါတယ်။  ငယ်စဉ်ဘဝရဲ့နေ့ရက်တွေကို ကျောက်မြောင်းရပ်ကွက်မှာ ဖြတ်သန်းခဲ့သလို ပျော်ရွှင်ရတဲ့ ငယ်ဘဝတွေကိုလည်း ပိုင်ဆိုင်ခဲ့တယ်လို့ ဖြိုးလေးက ဆိုပါတယ်။ တေးသံရှင်ဖြိုးလေးက ငယ်စဉ်ကတည်းက ဂီတဝါသနာပါသူဖြစ်သလို သီချင်းနားထောင်ရတာ၊ လိုက်ဆိုရတာတွေကို အရမ်းနှစ်သက်တယ်လို့ပြောပါတယ်။ ၀ါသနာတူသူတွေနဲ့ ပေါင်းသင်းဖြစ်သလို ငယ်သူငယ်ချင်းတွေထဲမှာ ဂီတလောကထဲ အတူရောက်ရှိလာသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

တေးသံရှင်ဖြိုးလေးက ကျောင်းပညာရေးမှာတော့ သာမန်ပဲ ကြိုးစားခဲ့သူဖြစ်ပြီး အဆိုတော်ဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးအိပ်မက်တွေနဲ့ ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။ Snare အနေနဲ့ စဖွဲ့ဖြစ်ခဲ့တဲ့အချိန်မှာတော့ အဖွဲ့ဝင်ငါးယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခက်အခဲတွေ၊ ရုန်းကန်မှုတွေနဲ့ ကြိုးစားဖြတ်သန်းလာခဲ့ရင်း Snare အဖွဲ့အနေနဲ့လည်း တေးသံရှင်ဖြိုးလေးနဲ့အတူ နေဝင်းသာကျန်ရှိတော့ပြီး ၂၀၁၀ ပြည့်နှစ်မှာ ပထမဆုံးအယ်လ်ဘမ်ကို ထွက်ရှိနိုင်ခဲ့တယ်လို့ဆိုပါတယ်။

“အခက်အခဲကတော့ လူတိုင်းမှာ ရှိတာပါပဲ။ ကျွန်တော်တို့ စကြိုးစားခဲ့တဲ့အချိန်ကဆိုရင် ခေတ်ကလည်း အခုလောက် မပွင့်လန်းသေးဘူး။ ကက်ဆက်ခွေတွေဝယ်ပြီး နားထောင်ရတယ်။ ကိုယ့်ရဲ့ဖန်တီးမှုတစ်ခုခု ပျံ့နှံ့သွားဖို့ဆိုရင်လည်း အချိန်ယူရတယ်။ အမှားတွေအများကြီး လုပ်ခဲ့ဖူးသလို သီချင်းအလွဲတွေလည်း အများကြီး ထွက်ခဲ့ဖူးတယ်” လို့ ဖြိုးလေးက ဆိုပါတယ်။

တေးသံရှင်ဖြိုးလေးနဲ့ နေဝင်းတို့ရဲ့ Snare အဖွဲ့အနေနဲ့သီဆိုခဲ့တဲ့ ‘Danger’၊ ‘၃၉ ဗိုက်ပူ’၊ ‘ဘကြီးဖြိုးနဲ့ ဦးနေဝင်း’ အပါအဝင် တေးသီချင်းပေါင်းများစွာက ပရိသတ်တွေရင်ထဲကို ဝင်ရောက်နေရာယူနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ Frenzo Artist အနေနဲ့ တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်နဲ့လက်တွဲပြီး အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ Snare အဖွဲ့အနေနဲ့ ၂၀၁၀ မှာ Rap Game၊ ၂၀၁၃ မှာ ဘကြီးဖြိုးနဲ့ ဦးနေဝင်း၊ ၂၀၁၈ မှာ ပူးတွဲချန်ပီယံအယ်လ်ဘမ်တွေကို ထွက်ရှိထားပြီး Snare အဖွဲ့ရဲ့ One Man Show ကိုလည်း ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာ ကျင်းပနိုင်ခဲ့ပါတယ်။ ပရိသတ်တွေရင်ထဲရောက်တဲ့ တေးသီချင်းများစွာကို Snare အဖွဲ့အနေနဲ့ ဖန်တီးနိုင်ခဲ့သလို တေးသံရှင်ဖြိုးလေးက တေးသံရှင် စန္ဒီမြင့်လွင်၊ ၀ိုင်းစုခိုင်သိန်း၊ ၀ါဆိုမိုးဦးစသူတွေရဲ့ အောင်မြင်တဲ့ တေးသီချင်းတချို့ကိုလည်း ရေးသားပေးခဲ့သူပါ။

ဖြိုးလေးရဲ့ နောက်ထပ်အချိုးအကွေ့ တစ်ခုအနေနဲ့တော့ ၂၀၁၉ မှာ တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိလာတာဖြစ်ပါတယ်။ Snare အဖွဲ့ဝင် နေဝင်းက ၂၀၁၈ မှာ တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ခဲ့ပြီးနောက် ၂၀၁၉ မတ်လမှာတော့ ဖြိုးလေးရဲ့ ‘ဘာတွေဖြစ်’ လို့ နာမည်ပေးထားတဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိလာခဲ့ပါတယ်။ ကိုယ်ပိုင်သီဆိုဟန်တစ်ခုနဲ့ ဖန်တီးထားသလို လူငယ်တွေကြားက အကြောင်းအရာများစွာကို ခံစားရေးဖွဲ့ထားတဲ့ သီချင်းတွေလည်း ပါဝင်လာခဲ့တာကြောင့် ပရိသတ်အားပေးမှုများစွာ ရရှိလာခဲ့ပါတယ်။

“တစ်ယောက်ချင်းစီရဲ့ အယ်လ်ဘမ်လုပ်ဖြစ်တာက Snare အဖွဲ့ ကွဲသွားတာမဟုတ်ဘူး။ တစ်ယောက်ချင်းစီရဲ့ သီးခြားမှတ်တိုင်တစ်ခုအနေနဲ့ လုပ်မယ်ဆိုတာ အရင်ကတည်းကလည်း တိုင်ပင်ထားပြီးသား။ စီစဉ်ထားပြီးသားပေါ့။ ဒီကြားထဲမှာအချိန်ယူပြီး ဖန်တီးခဲ့ကြတယ်။ အဲဒီတော့နောက်ပိုင်းလည်း Snare အနေနဲ့ အခွေသစ် ထွက်ဖို့ရှိမှာဖြစ်သလို တစ်ယောက်ချင်းစီရဲ့ အခွေသစ် ထွက်ချင်လည်း ထွက်မယ်” လို့ တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ဖြစ်တာကိုလည်း ပြောပြခဲ့ပါတယ်။

တေးသံရှင်ဖြိုးလေးက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအနေနဲ့ Genius Fashion ဆိုင်ကိုလည်း တည်ထောင်ထားပြီး လူငယ်ကြိုက် အဝတ်အစားဖက်ရှင်တွေကိုလည်း ရောင်းချပေးနေသူဖြစ်ပါတယ်။ အနုပညာလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေကြားမှာ ဟန်ချက်ညီညီ နေထိုင်နေသူလည်းဖြစ်ပါတယ်။ တေးသံရှင်ဖြိုးလေးရဲ့ ချစ်သူက သရုပ်ဆောင်မော်ဒယ် ၀ါဆိုမိုးဦးဖြစ်ပြီး လိုက်ဖက်တဲ့ relationship အတွက် ပရိသတ်တွေက သဘောကျနှစ်သက်ကြပါတယ်။ အပြန်အလှန်ထားရှိတဲ့ နားလည်မှုနဲ့ ပတ်သက်လို့တော့ “နှစ်ယောက်လုံးက အနုပညာအလုပ် လုပ်နေတဲ့သူတွေဆိုတော့ အပြန်အလှန် နားလည်မှုထားလို့ ရတာပေါ့။ တစ်ယောက်အလုပ်ရှိရင်လည်း တစ်ယောက်ကူညီတယ်။ အဓိကကတော့ အလုပ်သဘောသဘာဝချင်း တူတော့ အများကြီး ညှိနှိုင်းစရာမလိုဘူး။ Relationship တစ်ခုမှာလည်း နားလည်မှုက အရေးကြီးတယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့နှစ်ယောက်က အဆင်ပြေပါတယ်” လို့ ဖြိုးလေးက ဆိုပါတယ်။

အခက်အခဲတွေ စိန်ခေါ်မှုတွေကြားက ဖြတ်ကျော်ခဲ့ပြီး ၀ါသနာပါရာအလုပ်ကို ကြိုးစားခဲ့တဲ့ တေးသံရှင်ဖြိုးလေးက ၀ါသနာပါရာ အလုပ်နဲ့ ကိုယ်လုပ်ရတဲ့အလုပ် တစ်ထပ်တည်းကျရင် ပိုအောင်မြင်နိုင်တယ်ဆိုတာ လူငယ်တွေအတွက် မျှဝေပေးခဲ့ပါတယ်။ “Snare ဆိုတာက အားပေးတဲ့ ပရိသတ်တွေ ရှိလို့ ဒီနေ့အထိ ရပ်တည်နိုင်တာပါ။ အဲဒီအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့လည်း ဆက်ပြီးကြိုးစားသွားပါဦးမယ်။ ပရိသတ်တွေလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ ဖြိုးလေးက ဆိုခဲ့ပါတယ်။

အခုတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတာကတော့ တေးသံရှင်ဖြိုးလေး Snare ပြောပြခဲ့တဲ့ ငယ်စဉ်ကအမှတ်တရတွေနဲ့ ဂီတခရီးလမ်း ဖြတ်သန်းမှု အမှတ်တရတွေပဲ ဖြစ်ပါတယ်။

 


READ NEXT
Cancel OK